ကျောက်ဆည် အောက်တိုဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူမှုဝန်ထမ်းဦးစီးမှူးရုံးကြီးကြပ်မှုအောက်ရှိ ကျောက်ဆည် မူလတန်းကြိုကျောင်း ရင်သွေးငယ်များဉာဏစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နံနက်(၉)နာရီက ကျောက်ဆည်မြို့ မူလတန်းကြိုကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဉာဏစွမ်းရည်ပြိုင်ပွဲတွင် ကျောက်ဆည်ခရိုင် လူမှုဝန်ထမ်းဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သန်းသန်းစိုးက ရင်သွေးငယ်များ ကာယဉာဏတိုးတက်စေဖို့အတွက် ဉာဏစွမ်းရည်ပြိုင်ပွဲများကျင်းပ ပြုလုပ်ပေးခြင်းဖြစ်ရာ ပါဝင်ဆောင်ရွက်တတ်သော အလေ့အကျင့်များ ပြုစုပျိုးထောင်ပေးခြင်းဖြစ်၍ မိဘများမှဝိုင်းဝန်းပါဝင်ဆောင်ရွက်ကြရန် အမှာစကားပြောကြားခဲ့ပြီး ကျောက်ဆည်မူလတန်းကြိုကျောင်းမှ ရင်သွေးငယ်(၁၀၄)ဦးက ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ တေးသရုပ်ဖော်ပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် ကျောက်ဆည်မြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးအောင်ကိုကိုဇော်နှင့်အဖွဲ့ဝင်များက အမှတ်ပေးဒိုင်များအဖြစ် ဆောင်ရွက်ပေးခဲ့ပြီး ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ တေးသရုပ်ဖော်ပြိုင်ပွဲတွင် ဆုရရှိသူများကို ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ(၁၃)ရက်နေ့တွင် ဆုများချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်း ကျောက်ဆည်မူလတန်းကြိုကျောင်း လူမှုဝန်ထမ်း(၃) ဒေါ်ရီရီမြင့်ကပြောပြ၍ သိရသည်။
တင်တင်ထွေး