ရန်ကုန် အောက်တိုဘာ ၁၂
သန်လျင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်အဆင့်ခေတ်မီစံပြကျေးရွာထူထောင်ရေး (Smart Village) စီမံကိန်းဆိုင်ရာဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် သန်လျင်မြို့ရှိ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စိုးစိုးမြင့်က ခေတ်မီစံပြကျေးရွာထူထောင်ရေးတွင် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်၍ သန်လျင်ခရိုင်အတွင်း ခေတ်မီစံပြကျေးရွာဆောင်ရွက်မည့် သန်လျင်နှင့် ကျောက်တန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးများက စီမံကိန်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြသည်။ ထို့နောက် တက်ရောက်လာကြသော ခရိုင်အဆင့်ဌာနဆိုင်ရာများက စီမံကိန်းလုပ်ငန်းများ ပေါင်းစပ်ဆောင်ရွက်ဆောင်ရွက်နေမှုနှင့် စံပြကျေးရွာ အကောင်အထည်ဖော် ဆောင်ရွက်သင့်သည့် အချက်များအား အကြံပြုဆွေးနွေးခဲ့ကြသည်။
သန်လျင်ခရိုင်အတွင်း သန်လျင်မြို့နယ် ကရင်ဆိပ်ကျေးရွာနှင့် ကျောက်တန်းမြို့နယ် ကန်ပြောင်ကျေးရွာတို့အားရွေးချယ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
ခေတ်မီစံပြကျေးရွာထူထောင်ခြင်းအားဖြင့် မြို့ပြနှင့်ကျေးလက်ကွာဟမှုလျှော့ချနိုင်ခြင်း၊ ကျေးလက်အခြေခံအဆောက်အဦဖွံ့ဖြိုးရေး၊ သွင်းအားစုနှင့်ငွေကြေးထောက်ပံ့ခြင်း၊ အသက်မွေးဝမ်းကျောင်းနှင့် စီးပွားရေးမြင့်မားစေရန်၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများ ဖွင့်လှစ်ခြင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို ဆက်စပ်ဌာနများနှင့် ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်ဆက်)