ကူမဲမြို့နယ် ကန်ကွေ့ကျေးရွာတွင် စားသုံးသူရေးရာအသိပညာပေးဟောပြောပွဲနှင့် စားအုန်းဆီများ ဈေးနှုန်းချိုသာစွာရောင်းချပေး

ကူမဲ အောက်တိုဘာ ၁၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဆီကုန်သည်နှင့်ဆီ လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ ကူမဲမြို့နယ် ကန်ကွေ့ကျေးရွာတွင် လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် ပတ်သတ်၍ ပြည်သူများအသိပညာကြွယ်ဝစေရေး ယမန်နေ့နက်နံက်ပိုင်းက စားသုံးသူရေးရာအကြောင်း အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး စားအုန်ဆီများအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် ခရိုင်စားသုံးစားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မော်မော်အောင်က စားသုံးသူများအနေဖြင့် ကုန်စည်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အခြေခံလိုအပ်ချက်များအပေါ်တွင် စိတ်ကျေနပ်မှုရရှိစေခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရှိခြင်း၊ လိုအပ်သောသတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာ သိရှိခွင့်နှင့် ပြေစာ/အထောက်အထား ရယူခွင့်ရှိခြင်း၊  ဈေးကွက်အတွင်းရှိ  စားသုံးသူစိတ်ကြိုက် ရွေးချယ်ဝယ်ယူခွင့်ရှိခြင်း၊  စားသုံးသူနစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်းသည့် ကိစ္စများတွင်ရှင်းလင်းတင်ပြခွင့်နှင့် တိုင်ကြားခွင့်ရရှိစေခြင်း၊ ကုန်စည်ဝန်ဆောင်မှုကို  ဝယ်ယူအသုံးပြုခြင်းကြောင့်ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုနှင့်စပ်လျဉ်၍ ကုစားခွင့်ရှိခြင်း၊ အသိပညာဗဟုသုတများ၊ အခွင့်အရေးများနှင့် လိုအပ်သောအချက်အလက်များကို သိရှိလေ့လာနိုင်ခွင့်ရှိခြင်း၊ ကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်ကျင်တွင်နေထိုင်နိုင်ခွင့်ရရှိစေခြင်း အကြောင်းများကို ဟောပြောကြားခဲ့သည်။

ထို့နောက် ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်း ကြီးကြပ်မှုဖြင့် ကူမဲမြို့၊ အောင်ကမ္ဘာစားသုံးဆီအရောင်းဆိုင်မှ နယ်လှည့်ဈေးကားဖြင့် ဆီပိဿာချိန်(၅၅)ပိဿာအား သတ်မှတ် ရည်ညွှန်းဈေးနှုန်း ဆီတစ်ပိဿာ(၄၇၅၇)ကျပ်နှုန်းဖြင့် အိမ်ထောင်စုတစ်စုလျင် စားအုန်းဆီ တစ်ပိဿာနှုန်း ရောင်းချပေးခဲ့ကြောင်းနှင့် အလားတူ အသိပညာပေးဟောပြောခြင်းများ။ စားအုန်းဆီရောင်းချခြင်းများကို ယမန်နေ့က ကူမဲမြို့ မြင်းကြီးကျေးရွာတွင်လည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)