ကျိန္တလီ အောက်တိုဘာ ၁၂
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က ကျိန္တလီမြို့၊ စေတီကွင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အ.ထ.က(ခွဲ)စေတီကွင်းမှ ကျောင်းအုပ်ဆရာကြီး ဦးထွန်းထွန်းလင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကျိန္တလီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်သန်းသန်းလေးက ကျောင်းသားလူငယ်များ အနေဖြင့် ကျောင်းစာအပြင် အထွေထွေဗဟုသုတများတိုးပွားလာစေရန်နှင့် လူငယ်များအချင်းချင်း အသိပညာအတတ်ပညာများဖလှယ်၍ ဆွေးနွေးခြင်းဖြင့် တစ်ဦးနှင့်တစ်ဦးရင်းနှီးချစ်ခင်မှုရှိပြီး ပူးပေါင်း ဆောင်ရွက်တတ်လာမည်ဖြစ်ကြောင်း လူငယ်စကားဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကိုကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်သန်သန်းလေးက ဦးဆောင်သူအဖြစ်ပါဝင်ဆောင်ရွက်ပြီး Grade-10 မှ မောင်အောင်မြတ်စိုးက “လူငယ်နှင့်အသိပညာ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-9မှ မောင်တိုးဝေဖြိုးက “လူငယ်နှင့်စည်းကမ်း” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-9 မှ မယွန်းနဒီခင်က “လူငယ်နှင့်တန်ဖိုး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-9 မှ မကျော့ကျော့ခိုင်က “လူငယ်နှင့်မူးယစ် ဆေးဝါး”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-9မှ မအိရတီထွန်းက “လူငယ်နှင့်ကိုယ်ကျင့်တရား” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား/သူများက သိရှိလိုသည်များကိုမေမြန်းခဲ့ရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။ ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသည့် ကျောင်းသား/သူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များနှင့် ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာဖြင့် လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။
ဇော်လင်း