ကွတ်ခိုင်မြို့၌ ပန်းခင်းစီမံချက်အဆင့်(၂) နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲအခမ်းအနား ကျင်းပ

ကွတ်ခိုင် အောက်တိုဘာ ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ကြီးမှူးကျင်းပသည့် တာမိုးညဲဒေသ မုန်းဝန်းတိုင်းရင်းသားများအား ပန်းခင်းစီမံချက်အဆင့်(၂) နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်က  အမှာစကားပြောကြားခြင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူး ဦးထွန်းအောင်ကျော်က ပန်းခင်းစီမံချက်နှင့်ပတ်သက်၍  ရှင်းလင်းပြောကြားခဲ့ပါသည်။

အခမ်းအနားသို့ စစ်ဗျူဟာ(အခြေချ)ကွတ်ခိုင်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးသိန်းအောင်စိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးညွန့်နှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများ တာမိုးညဲဒေသ ပြည်သူ့စစ်အဖွဲ့ (၈)ဖွဲ့မှ အဖွဲ့ခေါင်းဆောင်များ၊ မုန်းဝန်းယဉ်ကျေးမှုအဖွဲ့ခေါင်းဆောင်များ နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား လာရောက်ဆောင်ရွက်ကြသည့် ပြည်သူများ တက်ရောက်ခဲ့ကြသည်။

ဆက်လက်၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပေးအပ်ရာ  စစ်ဗျူဟာမှူးဗိုလ်မှူးကြီး သိန်းအောင်စိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်၊ ခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီး လှိုင်မင်းစိုး၊ ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဦးထွန်းအောင်ကျော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးညွန့်တို့မှ နိုင်ငံသားစိစစ်ရေးကတ်ပြား (၂၀၅၁)ကတ်ကို ပေးအပ်ခဲ့ရာ    ဌာနေပြည်သူ့စစ်အဖွဲ့ မုန်းဝန်းယဉ်ကျေးမှုအဖွဲ့တာဝန်ခံများမှ အသီးသီး လက်ခံရယူခဲ့ပြီး မုံးစီးဌာနေပြည်သူ့စစ်အဖွဲ့ခေါင်းဆောင် ဦးစိုင်းမွန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)