မိုင်းဆတ် အောက်တိုဘာ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၌ တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းနှင့် စာရင်းရေးသွင်းခြင်း ဆင့်ပွားသင်တန်းကို ယနေ့နံနက်(၁၀)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘိုဘိုဇော်က သင်တန်းသားများအနေဖြင့် စနစ်တကျ ကြိုးစားလေ့လာသင်ယူကြရန်၊ တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရာတွင် နည်းစနစ်မှန်ကန်စွာဖြင့် တစ်အိမ်တက်ဆင်း ကောက်ယူနိုင်ရေးနှင့် စပ်လျဉ်းပြီး အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာနိုင်ထွန်းဦးက တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူရခြင်းမှာ မြန်မာနိုင်ငံ၏ တိရစ္ဆာန်ကောင်ရေနှင့် တိရစ္ဆာန်ထွက်ပစ္စည်းထုတ်လုပ်မှု စာရင်းဇယားများ ထုတ်ပြန်နိုင်ရန်၊ နှစ်အလိုက် တိရစ္ဆာန်ကောင်ရေတိုးပွားမှု၊ လျော့နည်းမှုများ သိရှိနိုင်ရန်နှင့် အကောင်ရေတိုးပွားမှုဆိုင်ရာ တွက်ချက်မှုစံနှုန်းများ သုံးသပ်ပြင်ဆင်နိုင်ရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာစောထက်ဝင်းက တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူရာတွင် လူတွေ့မေးမြန်းခြင်းဆိုင်ရာများ၊ ဖြေကြားသူနှင့် အိမ်ထောင်စု ဆိုင်ရာအချက်အလက်များကို စာတွေ့သင်ကြားပို့ချပေးခဲ့ပြီး တိရစ္ဆာန်ကောင်ရေစာရင်း ကောက်ယူခြင်းနှင့်် စာရင်းရေးသွင်းရာတွင် မှန်ကန်မြန်ဆန်မှုရှိစေရန် မြို့သစ်ရပ်ကွက်ရှိ အိမ်ထောင်စုများသို့ တစ်အိမ်တက်ဆင်း ကွင်းဆင်း၍ လက်တွေ့သရုပ်ပြ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
မြင့်မောင်(မိုင်းဆတ်)