ချောင်းသာ အောက်တိုဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့၌ ကျောင်းကြက်ခြေနီနှင့် ရှေးဦးပြုစုခြင်း သိကောင်းစရာ ဟောပြောပွဲကို ယနေ့ နံနက် ၁၀ နာရီက ချောင်းသာ အခြေခံပညာ အထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ ချောင်းသာမြို့ ကြက်ခြေနီသူနာပြု တပ်ဖွဲ့မှူး ဦးသန်းဌေးက ကျောင်းကြက်ခြေနီနှင့် ရှေးဦးပြုစုခြင်း သိကောင်းစရာ ဟောပြောပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားသည်။
ထို့နောက် ချောင်းသာမြို့ ကြက်ခြေနီအသင်းခွဲငယ်ဥက္ကဋ္ဌ ဦးထွန်းအောင်ကို၊ မြို့ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှူး ဦးသန်းဌေး ဦးဆောင်၍ အခြေခံရှေးဦးပြုစုခြင်း အကြောင်းအသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြမှုများ ဆောင်ရွက်ခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများ၏ ဆွေးနွေးမေးမြန်းမှုများကို တာဝန်ရှိသူများက ရှင်းလင်းဖြေကြား ပေးခဲ့ကြသည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲကို မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ လမ်းညွှန်မှု၊ ပုသိမ် မြို့နယ် ကြက်ခြေနီအသင်းခွဲ၏ ကြီးကြပ်မှုဖြင့် အခြေခံပညာအထက်တန်းကျောင်း (ချောင်းသာ) နှင့် ချောင်းသာမြို့ ကြက်ခြေနီအသင်းခွဲငယ်တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်း ဖြစ်ပြီး ချောင်းသာမြို့ ကြက်ခြေနီအသင်းခွဲငယ်ဥက္ကဋ္ဌ ဦးထွန်းအောင်ကို၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ရေးဦးစီးဌာန ဦးစီးမှူး ဦးဝင်းကျော်ကျော်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်စမ်းစမ်းအေး၊ မြို့ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးသန်းဌေးနှင့် တပ်ဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်ကျော်(ပြန်/ဆက်)