ပွင့်ဖြူမြို့နယ်၌ မိုးဦးမိုးဖြင့် စိုက်ပျိုးခဲ့သည့် ဆီထွက်သီးနှံနေကြာစိုက်ခင်းများ စတင်ရိတ်သိမ်းခြွေလှေ့လျက်ရှိပြီး တစ်ဧက ၁၈ ဒသမ ၈၀ တင်းခန့် ထွက်ရှိ

ပွင့်ဖြူ အောက်တိုဘာ ၁၀

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံစေရန်နှင့် တောင်သူများ သီးနှံဝင်ငွေတိုးပွားစေရန် ရည်ရွယ်စိုက်ပျိုးထားရှိသည့်  ဆီထွက်သီးနှံနေကြာစိုက်ခင်းများမှာ ရိတ်သိမ်းခြွေလှေ့ချိန် ရောက်ရှိလာပြီဖြစ်၍ ဒေသခံတောင်သူများက ဆောင်းသီးနှံ ပြန်လည်အစားထိုး စိုက်ပျိုးနိုင်ရေးအတွက် စတင် ရိတ်သိမ်းခြွေလှေ့နေကြကြောင်း သိရကာ တစ်ဧကလျှင် နေကြာသီးနှံ ၁၈ ဒသမ ၈၀ တင်းခန့် ထွက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။

ဆီထွက်သီးနှံနေကြာစိုက်ပျိုးရေးလုပ်ငန်းသည် စိုက်ပျိုးစရိတ် အကုန်အကျသက်သာပြီး သီးနှံဝင်ငွေ ပိုမိုရရှိသည့်အတွက် ဒေသခံတောင်သူများက မိုးနေကြာနှင့် ဆောင်းနေကြာသီးနှံစိုက်ပျိုးရေးကို အားထားစိုက်ပျိုးလုပ်ကိုင်ကြကြောင်း သိရသည်။ ထိုသို့ နေကြာသီးနှံ စိုက်ပျိုးရာ၌ ပန်းတိုင်သီးနှံအထွက်နှုန်းတိုးတက်ရေးနှင့် သီးနှံပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရှိ တာဝန်ခံကွင်းဝန်ထမ်းများက အနီးကပ်ကြီးကြပ်၍ လိုအပ်သည့် စိုက်ပျိုးရေးနည်းပညာများကို ပံ့ပိုးကူညီ ဖြည့်ဆည်းဆောင်ရွက်ပေးသဖြင့် မိုးနေကြာသီးနှံစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်း၍ ယခင်နှစ်ကထက် အထွက်နှုန်းများ ပိုမိုကောင်းမွန်ခဲ့ကြောင်း သိရသည်။

"ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ ပွင့်ဖြူမြို့နယ်အနေနဲ့ ဆီထွက်သီးနှံနေကြာ စိုက်ပျိုးခြင်းကို တစ်မြို့နယ်လုံး ၉၂၀ ဧက လျာထားစိုက်ပျိုးဆောင်ရွက်ခဲ့ပြီး မြေပြင်စိုက်ပျိုးနိုင်မှုဧက ၉၃၀ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ နေကြာသီးနှံစိုက်ပျိုးရေဟာ စိုက်ပျိုးစရိတ် အကုန်အကျလဲ သက်သာတဲ့အပြင် ဈေးကွက်လဲကောင်းတာကြောင့် ဒေသခံတောင်သူတွေက မိုးရာသီနဲ့ ဆောင်းရာသီမှာ အားထားစိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ ဒေသခံတောင်သူတွေကိုလဲ နေကြာသီးနှံစိုက်ပျိုးရာတွင် အခက်အခဲမဖြစ်စေဖို့အတွက် မျိုးကောင်းမျိုးသန့် မျိုးစေ့နဲ့ သွင်းအားစုပစ္စည်းများကို နိုင်ငံတော်မှ ထောက်ပံ့ကူညီဆောင်ရွက်ပေးထားပါတယ်။ ဒါ့အပြင် သီးနှံအထွက်နှုန်းကောင်းမွန်စေဖို့အတွက် သက်ဆိုင်ရာနယ်မြေအလိုက် တာဝန်ကျ ကွင်းဝန်ထမ်းတွေက တောင်သူများကို တွေ့ဆုံပြီး စိုက်နည်းစနစ် မှန်ကန်ဖို့၊ သွင်းအားစုပစ္စည်းများ အချိုးကျမှန်ကန်စွာ သုံးစွဲတတ်စေဖို့နဲ့ သီးနှံပိုးမွှားရောဂါ ကြိုတင်ကာကွယ်ရမယ့် နည်းလမ်းတွေကို ပံ့ပိုးကူညီဆောင်ရွက်ပေးပါတယ်။ ယခုဆိုရင် မိုးဦးမိုးနဲ့ ဆောလျင်စွာ စိုက်ပျိုးခဲ့တဲ့ နေကြာသီးနှံစိုက်ခင်းတွေဟာ ရိတ်သိမ်းခြွေလှေ့ချိန် ရောက်ရှိလာပြီဖြစ်လို့ ဒေသခံတောင်သူတွေက ဆောင်းသီးနှံ ပြန်လည်အစားထိုး စိုက်ပျိုးနိုင်ဖို့အတွက် စတင် သိမ်းဆည်းနေကြပြီဖြစ်ပါတယ်။ နေကြာသီးနှံ အထွက်နှုန်းအနေနဲ့ကတော့ တစ်ဧကကို ၁၈ ဒသမ ၈၀ တင်းခန့် ထွက်ရှိပါတယ်"ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မိုးမိုးဝေက ပြောသည်။

ပွင့်ဖြူမြို့နယ်တွင် ယခု ၂၀၂၃-၂၀၂၄ ခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံစေရေးအတွက် ရည်ရွယ်၍ နေကြာသီးနှံစိုက်ဧက ၉၂၀ ဧက၊ မြေပဲ ၅၆၆ ဧက၊ နှမ်း ၉၉၂၄ ဧက၊ စုစုပေါင်း ဆီထွက်သီးနှံစုံ စိုက်ဧက ၁၁၄၁၀ ဧက လျာထား စိုက်ပျိုးဆောင်ရွက်ခဲ့ရာ မြေပြင်စိုက်ပျိုးနိုင်မှု မြေသီးနှံ ၁၆၆၁ ဧက၊ နှမ်း ၁၃၃၉၅ ဧက၊ နေကြာ ၉၃၀ ဧက၊ စုစုပေါင်း ဆီထွက်သီးနှံစုံ ၁၅၉၈၆ ဧက စိုက်ပျိုးဆောင်ရွက်နိုင်ခဲ့ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )