ဆီဆိုင် အောက်တိုဘာ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန်၊ ဘက်စုံထူးချွန်သော လူရည်ချွန်၊ လူတော်လူကောင်းများဖြစ်လာစေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတများကြွယ်ဝစေရန် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ပါလောပါကယ်ကျေးရွာအုပ်စု၊ မိုက်တီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ကျောင်းအုပ်ဆရာကြီး ဦးမြခိုင်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဆီဆိုင်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးကြီးဒဲရယ်က လူငယ်နှင့်ဗလငါးတန်ဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးဇော်ထွန်းက လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားကစားစိတ်ဓာတ် ပိုမိုသက်ဝင်ယုံကြည်ခြင်းသည် တစ်မျိုးသားလုံး၏ ကာယဉာဏစာရိတ္တ ဖွံ့ဖြိုးတိုးတက်လာစေပြီး အားကစားကိုစိတ်ပါဝင်စားသည့် လူငယ်လူရွယ်များ ပေါ်ထွက်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် လူငယ်နှင့်အားကစားခေါင်းစဉ်ဖြင့် အသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားမှူး ဦးဇော်ထွန်းက အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များ၊ လူကုန်ကူးမှု အန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များကို ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မျိုးမြတ်(ဆီဆိုင်)