မိုင်းငေါ့ အောက်တိုဘာ ၁၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ရုံးခန်း၌ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် (၁၀)နာရီ အချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြင့်မြင့်သွယ်က အသိပညာပေးဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားခဲ့ပြီး မိုင်းငေါ့နယ်မြေစခန်းမှ စခန်းမှူး ရဲအုပ်ဟန်သက်အောင်က လူငယ်လူရွယ်များ မူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး ရှောင်ကြဉ်ရမည့်အချက်များ၊ မူးယစ်ဆေးဝါးများ၏ ဆိုးကျိုးအန္တရာယ်များ၊ မူးယစ်ဆေးသုံးစွဲနေသော လူငယ်များ၏ အမှုအအကျင့်များ၊ ပြစ်မှုပြစ်ဒဏ်များ စသည့် အကြောင်းအရာများကို အသေးစိတ် ရှင်းလင်းဟောပြောခဲ့သည်။
ဆက်လက်ပြီး တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူလေးများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ သက်ဆိုင်ရာ တာဝန်ရှိသူမှ ပြန်လည်ဖြေကြားပေးခဲ့ပြီး ဗလာစာအုပ်အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုနောက် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးမန်းစိန်က ကျေးဇူးတင်းစကားပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူလေးများမှ နံရံကပ်ပြဘုတ်တွင် ပြသထားသော မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်နိုင်သော ဆိုးကျိုးများ၊ ဆေးလိပ်သောက်သုံးခြင်းကြောင့် ဖြစ်ပွားနိုင်သော ဆိုးကျိုးများအကြောင်း ဖော်ပြထားသည့် အသိပညာပေး နံရံကပ်စာစောင်များကို ပြသထားရာ ကျောင်းသား၊ ကျောင်းသူလေးများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်းနှင့် ဟောပြောပွဲသို့ ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ (၄၇)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြင့်သွယ် (မိုင်းငေါ့၊ ပြန်/ဆက်)