မောက်မယ် အောက်တိုဘာ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ဒေသခံကျောင်းသား လူငယ်လူရွယ်များ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာဗဟုသုတတိုးပွားလာစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်ပြပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက နမ့်လွတ်ကျေးရွာအုပ်စု၊ အခြေခံပညာအလယ်တန်းကျောင်း(နမ့်လွတ်)တွင်လည်းကောင်း နေ့လယ် ၁ နာရီတွင် နမ့်လွတ်(၂)ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌လည်းကောင်း ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက ယခုလူငယ်၊ နောင်ဝယ်လူကြီးများဖြစ်ကြမည့် လူငယ်များအနေဖြင့် နိုင်ငံ့တာဝန်ကို ပုခုံးပြောင်းတာဝန်ယူ ထမ်းဆောင်ကြရမည့် လူ့စွမ်းအားအရင်းအမြစ်များပေါ်ပေါက်စေရန် လူငယ်များအနေဖြင့် ပညာရေးကဏ္ဍအပြင် စာရိတ္တကောင်းမွန်ရေး၊ ပေါင်းသင်းဆက်ဆံရေးနှင့် ကျန်းမာရေးကောင်းမွန်စေရေး၊ ကြီးပွားရေးအမြင်ရှိစေရေးတို့အပြင် မျိုးချစ်စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ထက်မြက်စေရေး စသည့်အကြောင်းများ ဆွေးနွေးဟောပြောခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်ခိုင်ဇင်သော်က နယ်လှည့်စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်းအနေဖြင့် တိုင်းရင်းသားရုပ်ပုံ ပုံပြင်စာအုပ်များအား ဖတ်ရှုစေခဲ့သည်။
ဆက်လက်ပြီး ကျောင်းသား/ကျောင်းသူများက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာအလယ်တန်းကျောင်းနှင့် မူလတန်းကျောင်း၌ ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်နှင့် လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး ဓါတ်ပုံနှင့် နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)