တံတားမြို့၌ လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

တံတား အောက်တိုဘာ ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့လူထုအခြေပြုဗဟိုဌာန (Community Centr) ခန်းမ၌ ပြည်သူများအသိပညာဗဟုသုတ တိုးပွားလာစေရန် စာအုပ်စာပေများအား လေ့လာဖတ်ရှု့လိုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးရာမှ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ ပူပေါင်းဆောင်ရွက်လိုသည့် စိတ်ဓာတ်များဖြစ်ပေါ်လာစေရန်၊ ကိုယ်ပိုင်စာဖတ်ချိန်မရှိသူများအတွက် စာဖတ်ခွင့်မဆုံးရှုံးစေရန် စာဖတ်ရှိန်မြှင့်တင်ဆောင်ရွက်ခြင်းဖြင့် စာဖတ်ခြင်း၏အကျိုးကျေးဇူးကို သိရှိနားလည်နိုင်စေရန်ရည်ရွယ်၍ စာပေဝါသနာရှင်များနှင့် စာပေချစ်မြတ်နိုးသူများ အသင်း (Book Club) အဖွဲ့ဝင်များ ပူးပေါင်း၍ စာရေးဆရာ ဒေါက်တာခင်မောင်ညိုရေးသားသည့် “လူငယ်နှင့်အကောင်းဆုံးသောဘဝကိုတည်ဆောက်ခြင်း” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မိုးဖြူလွင်က “အောင်မြင်ဖို့တည်ဆောက်ခြင်းနှင့်အမြင်များ” ခေါင်းစဥ်ဖြင့် ဦးဆောင်ဆွေးနွေးရာတွင် သင်လိမ့်ကျမယ်ဆိုရင် အရှုံးမပေးသင့်ကြောင်း၊ ကြိုးစားခြင်းသည်ဘယ်တော့မှ ပျက်သုန်းသွားမည့်အရာမဟုတ်ကြောင်း၊ တစ်ချိန်မှာအောင်မြင်မှုရရန် ဇွဲရှိဖို့သာလိုအပ်ကြောင်း၊ မိမိကိုမလုပ်နိုင်ဘူးလို့ငြင်းပယ်ခံရလျှင် စိတ်မပျက်ဘဲနောက်ထပ်ကြိုးစားဖို့ အခွင့်အရေးရှိကြောင်းကို စွဲမှတ်ထားဖို့လိုအပ်ကြောင်း၊ အကောင်းမြင်ဘက်ကမြင်တတ်လျှင် အကောင်းတွေပဲဖြစ်လာနိုင်ကြောင်း၊ လူတစ်ယောက်ကအကောင်းမြင်တတ်ခြင်း၊ ကောင်းတဲ့စိတ်ဓာတ်ကို နှလုံးသွင်းမှန်ပါမှ လူဖြစ်ရတဲ့တန်ဖိုးကို မြင်လာနိုင်ကြောင်း၊ ထိုအမြင်မျိုးထားတတ်လျှင် ဘာနဲ့ပဲကြုံရကြုံရဘဝမှာ နေပျော်နိုင်မှာဖြစ်ကြောင်း၊ အကောင်းမြင်စိတ်ဓာတ်သည် ပျိုးထောင်ယူ၍ရနိုင်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် (Women Club)အဖွဲ့ဝင် ဒေါ်ကေဇင်ထွေးမှ “ဥာဏ်ရည်ဉာဏ်သွေးအတွေးအခေါ်” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ (Book Club)အဖွဲ့ဝင် ဦးသက်ဆွေဟန်မှ “လူငယ်နှင့်မေတ္တာတရား” ခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီးပါဝင်ဆွေးနွေးကာ တက်ရောက်လာကြသော စာပေဝါသနာရှင်များမှ အပြန်အလှန်ဆွေးနွေးကာ အတွေးအမြင်ဗဟုသုတများ ဖလှယ်ခဲ့ကြကြောင်း သိရသည်။

ဖြိုးသီဟ (တံတားပြန်ဆက်)