ကျုံပျော်မြို့နယ်တွင် မိုးစပါးစံကွက်ရိတ်သိမ်းခြင်း အခမ်းအနား ကျင်းပပြုလုပ်

ကျုံပျော် အောက်တိုဘာ ၈

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ဦးဆောင်ကာ မိုးစပါးစံကွက်ရိတ်သိမ်းခြင်း အခမ်းအနားကို တောချောင်း ကျေးရွာအုပ်စု၊ ကွင်းအမှတ်- ၁၀၂၃(ဂ) ဦးပိုင်အမှတ်(၁၂၈/၅)၊ မြေကွက်အမှတ် (၁၂၈၂)ရှိ တောင်သူဦးဌေးမောင် လုပ်ပိုင်ခွင့်ရ လယ်မြေတွင် ယနေ့နံနက်က ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှူး ဦးဇော်မင်းနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇေယျမင်းနှင့်  အဖွဲ့ဝင်များ၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး ဦးမြတ်သိန်းဇော်နှင့် ဝန်ထမ်းများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဝင်းလှိုင်နှင့် ဝန်ထမ်းများ  တက်ရောက်ကြပြီး၊ ရှေးဦးစွာ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှူး ဦးမြတ်သိန်းဇော်က မြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးမှု၊ တစ်ဧက အကျိုးအမြတ်ရရှိမှု၊  စပါးမျိုးကွဲအလိုက် ကောင်း၊ သင့်၊ ညံ့ ကိုယ်စားပြု အလွှာလိုက်စာရင်းနှင့် လက်ရှိ တောချောင်းကျေးရွာအုပ်စုရှိ ကွင်းအလိုက်၊ မျိုးကွဲအလိုက်၊ ရေသောက်နည်းလမ်းအလိုက် စိုက်ပျိုးမှု အခြေအနေတို့ကို ရှင်းလင်း ပြောကြားသည်။

ထို့နောက် တောချောင်းကျေးရွာအုပ်စုအတွင်း ဆင်းသုခစပါးမျိုး (သင့်) ကိုယ်စားပြုဧရိယာကို စံကွက်ရိတ်သိမ်းရာ တစ်ဧက စပါးအထွက်နှုန်း (၇၇.၉၇)တင်းတွက်ရှိကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)