ကသာမြို့ ဆုလာဘ်ပညာအလင်း စာသင်ဝိုင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်

ကသာ အောက်တိုဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့ ဆုလာဘ်ပညာအလင်း စာသင်ဝိုင်း၌ ကျောင်းသား/သူ လူငယ်များကို စိတ်ဓာတ်ရေးရာ တိုးတက်ကောင်းမွန်လာစေရန်၊ အကျင့်စာရိတ္တ ကောင်းမွန်လာစေရန်၊ အသိပညာဗဟုသုတ တိုးပွားစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့မွန်းလွဲ (၂) နာရီခွဲအချိန်က အဆိုပါ စာသင်ဝိုင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ လူငယ်ရေးရာဟောပြောပွဲတွင်ကသာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စောကလျာက “စာမဖတ်သူပပျောက်ရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အေးမော်က အမျိုးသမီး အကြမ်းဖက်မှုခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်ငြိမ်းအိအိဖြိုးက ဗလငါးတန်ဖွံ့ဖြိုး တိုးတက်စေရန်နှင့် ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝစေရန်အတွက် အသိပညာပေး ဆွေးနွေးဟောပြောခဲ့ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော မူးယစ်ဆေးဝါးအန္တရာယ် တာဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး နံရံကပ်စာစောင်များ ပြသထားရှိရာ ကျောင်းသား/သူလေးများက ကြည့်ရှုလေ့လာခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ကျော်စွာ(ကသာ)