တပ်ကုန်း အောက်တိုဘာ ၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်း ဆီထွက်သီးနှံများ ပိုမိုစိုက်ပျိုးနိုင်ရေးအတွက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း ဌာနဆိုင်ရာများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အဆိုပါတွေ့ဆုံပွဲတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးဇေယျာလင်းက မြို့နယ်အတွင်းစိုက်ပျိုးရေးတောင်သူများ၏ ဆောင်ရွက်နေသည့်ဆီထွက်သီးနှံများ စိုက်ပျိုးမှုအခြေအနေ၊ သီးနှံထွက်ရှိမှုအခြေအနေများကိုသိရှိနိုင်မှသာ ဒေသအတွင်း ဆီထွက်ရှိမှုနှင့်ဆီသုံးစွဲမှုများ ခန့်မှန်းနိုင်မည်ဖြစ်ကြောင်း၊ ဒေသအတွင်းမှထွက်ရှိသည့် ဆီထွက်သီးနှံများ မိမိဒေသအတွင်းရှိ ဆီစက်လုပ်ငန်းများတွင် ပြန်လည်ကြိတ်ခွဲနိုင်ရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် မိုးစပါးနှင့်မွေးမြူရေးလုပ်ငန်းများအောင်မြင်ရေး၊ မျိုးကောင်းမျိုးသန့်များရရှိရေး ရှင်းလင်းပြောကြားခဲ့ပြီးနောက် ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးမင်းခိုင်ဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် ခရိုင်/မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်/ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီး ဌာန၊ ခရိုင်/မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ခရိုင်/မြို့နယ်လယ်ယာ မြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများက မြို့နယ်အတွင်း ဆည်ရေများ ရရှိနိုင်မှုအခြေအနေများ၊ မိုးသီးနှံများ လျာထားဧက၊ စိုက်ပျိုးပြီးဧကနှင့် စိုက်ပျိုးပြီးရာခိုင်နှုန်း၊ ရိတ်သိမ်းဧကများ၊ မွေးမြူရေးကဏ္ဍများနှင့် လူတစ်ဦးလျှင် တစ်နှစ်ပတ်လုံး အသားစားသုံးမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြသည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းသည် ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်/မြို့နယ်မှ လက်ထောက်ညွှန်ကြားရေးမှူးများနှင့်ဦးစီး အရာရှိများ၏ တင်ပြချက်များအား ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
တင်စိုးလွင်