ဟိုပန် အောက်တိုဘာ ၈
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးညီနပ်သည် အောက်တိုဘာလ ၅ ရက် နံနက်ပိုင်းက မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့်ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အစည်းအဝေးခန်းမတွင် တွေ့ဆုံခဲ့သည်။
ယင်းသို့တွေ့ဆုံရာတွင် ဥက္ကဌဦးညီနပ်က ဟိုပန်မြို့သည့် ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များလည်း ပေါများလာကြောင်း၊ ယာဉ်အန္တရာယ် ကင်းရှင်းရေး၊ ယာဉ်မတော်တဆမှုများဖြစ်ပွားမရှိစေရေး၊ အသက်မပြည့်ပဲ မော်တော်ယာဉ် မော်တော်ဆိုင်ကယ်မောင်းနှင်မှုမရှိစေရေး၊ မော်တော်ဆိုင်ကယ်စီးနှင်းပါက ဦးထုပ်ဆောင်းစေရေး၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းလိုက်နာရေးတို့ကို စာသင်ကျောင်းများသို့ အသိပညာပေးဆောင်ရွက်သွားရန်၊ နယ်မြေဒေသအေးချမ်းလျက်ရှိသဖြင့် အလုပ်လာရောက်လုပ်ကိုင်သူ များပြားလာပြီး လုံခြုံရေးအတွက် မြို့ဝင်ဂိတ်၌ လူဝင်လူထွက်အထူးဂရုစိုက်ရန်၊ အထူးသဖြင့် မြစ်ချောင်းဘေး ရပ်ကွက်/ကျေးရွာများမှ တရားမဝင် ဝင်ရောက်မှုမရှိစေရေးဂရုစိုက်ရန်၊ ရပ်ကွက်/ကျေးရွာများမှ တာဝန်ရှိဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်သွားရန် မှာကြားခဲ့သည်။
ထို့နောက် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး တင်ဇော်လတ်၊ အတွင်းရေးမှူး ဦးထွန်းထွန်းဝင်း၊ ခရိုင်စီအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်စိုးတင့်၊ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်ဝင်းလှိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန၊ ခရိုင်ဦးစီးမှူး ဦးမျိုးညွှန့်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးရဲဝင်းထိုက် တို့က ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ လူဝင်လူထွက်စစ်ဆေးကြပ်မတ်ရေး၊ ဧည့်စာရင်းစစ်ဆေးရေး၊ လှည့်ကင်းဝပ်ကင်းဆောင်ရွက်ရေးတို့နှင့် ပတ်သက်၍ အကြံပြုဆွေးနွေးတင်ပြခဲ့ကြသည်။
အဆိုပါတွေ့ဆုံပွဲသို့ တိုင်း/ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်