ပျဉ်းမနား အောက်တိုဘာ ၈
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre)၌ အမျိုးသားစာပေဆုရှင် စာရေးဆရာ စိုးတင့်(ဧရာဝတီ)ရေးသားသည့် ဖိုးထောင်ဇာတ်လမ်းစုံ စာအုပ်ဖြင့် ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။
အခမ်းအနားသို့ ပခုက္ကူဦးအုန်းဖေ တစ်သက်တာစာပေဆုရှင် စာရေးဆရာမကြီး ဒေါ်တင်ရီ (တင်ရီမ-ညောင်ဦး)၊ အမျိုးသားစာပေဆုရှင် စာရေးဆရာချစ်နိုင်(စိတ်ပညာ)၊ အမျိုးသားစာပေဆုရှင် စာရေးဆရာ စိုးတင့်(ဧရာဝတီ)၊ နေပြည်တော်စာပေဝိုင်းမှ စာရေးဆရာ/ဆရာမများ၊ စာပေဝါသနာရှင်များနှင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့နယ်(၈) မြို့နယ်တို့မှ ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ အမျိုးသားစာပေဆုရှင် စာရေးဆရာ စိုးတင့်(ဧရာဝတီ)ရေးသားသည့် ဖိုးထောင်ဇာတ်လမ်းစုံ စာအုပ်ဖြင့် ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲကျင်းပရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့နယ်(၈)မြို့နယ်တို့မှ ကျောင်းသား/ကျောင်းသူများနှင့် စာပေဝါသနာရှင်များက သက်ဆိုင်ရာကဏ္ဍများအလိုက် အသီးသီးပါဝင်ယှဉ်ပြိုင် ကြသည်။
ထို့နောက် အခမ်းအနားအစီအစဉ်ဒုတိယပိုင်း ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် နှစ်သိမ့်ဆုများ ရရှိခဲ့ကြသည့် ကျောင်းသား/ကျောင်းသူများနှင့် စာပေဝါသနာရှင်များအား တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ်ခဲ့ကြသည်။
ယင်းနောက် ပခုက္ကူဦးအုန်းဖေ တစ်သက်တာစာပေဆုရှင် စာရေးဆရာမကြီး ဒေါ်တင်ရီ (တင်ရီမ-ညောင်ဦး)က အမှာစကားပြောကြားပြီး နေပြည်တော်အတွင်းရှိ ပြည်သူ့စာကြည့်တိုက်(၈)တိုက်အတွက် စာအုပ်များကို ပေးအပ်လှူဒါန်းခဲ့သည်။ ယင်းနောက် အမျိုးသားစာပေဆုရှင် စာရေးဆရာချစ်နိုင်(စိတ်ပညာ)က လူငယ်များ စိတ်ဓာတ်ခွန်အား မြင့်မားစေရေးနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဟောပြောဆွေးနွေးခဲ့သည်။
ဆက်လက်၍ အမျိုးသားစာပေဆုရှင် စာရေးဆရာကြီးစိုးတင့်(ဧရာဝတီ)က လူငယ်များ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ပေါ်ထွန်းလာစေရေအတွက် မြို့နယ်ပေါင်းစုံမှ ကျောင်းသား/ကျောင်းသူများ၊ စာပေဝါသနာရှင်များအား ယခုကဲ့သို့ ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲ စီစဉ်ကျင်းပပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် နေပြည်တော် ၈ မြို့နယ်အတွင်းရှိ ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲဝင် ၄၀ ဦးတို့အား အမျိုးသားစာပေဆုရှင် စာရေးဆရာချစ်နိုင်(စိတ်ပညာ)နှင့် အမျိုးသားစာပေဆုရှင် စာရေးဆရာကြီးစိုးတင့်(ဧရာဝတီ)က လက်ဆောင်ပစ္စည်းများကို အသီးသီးပေးအပ်ခဲ့ကြကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)