မိုးနဲ အောက်တိုဘာ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် မိုက်ဟိုင်းကျေးရွာအုပ်စု၊ လုံစံကျေးရွာ(ဆိုင်းဖယ်ရွာသစ်)တွင် ဟိုမိန်းဒေသဖွံ့ဖြိုးရေးနှင့်ပြည်သူ့စစ်(ဌာနေ)မှ တာဝန်ယူဆောင်ရွက်လျက်ရှိသော စိုက်ပျိုးရေးကွင်း ကွင်းဖွင့်ပွဲအခမ်းအနားကို အဆိုပါကျေးရွာစိုက်ကွင်းနေရာ၌ ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်း၊ အရှေ့ပိုင်းလေတပ်ကွပ်ကဲမှုဌာနချုပ် ဌာနချုပ်မှူး ဗိုလ်ချုပ်စိုးအောင်၊ ဟိုမိန်းဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့စစ်(ဌာနေ) ဥက္ကဋ္ဌ ဦးမဟာဂျာ၊ နမ့်စန်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်ကျော်ဝင်း၊ နမ့်စန်ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြသိန်း တို့က စိုက်ပျိုးရေးကွင်းကို ဖဲကြိုးဖြတ်၍ဖွင့်လှစ်ပေးခဲ့ကြသည်။
ဆက်လက်၍ ရှင်းလင်းဆောင်နေရာ၌ အခမ်းအနားကို ကျင်းပရာ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမင်းထွန်းက အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်၏အမျိုးသားရေး ဦးတည်ချက်ဖြစ်တဲ့ “ စိုက်ပျိုးရေးကိုအခြေခံ၍ အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရေး” ဆိုတဲ့ အမျိုးသားရေးဦးတည်ချက်များနဲ့အညီ နိုင်ငံတော်အကြီးအကဲများက ခရိုင်၊ မြို့နယ်၊ မြို့များတွင် အသေးစား၊ အလတ်စားနှင့် အငယ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး(MSME)လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ ဒေသဖွံ့ဖြိုးရေးနှင့် စီးပွားတိုးတက်ရေးအတွက် မိမိတို့ကိုယ်တိုင် ဆောင်ရွက်ရမှာဖြစ်ပြီး နိုင်ငံ့ စီးပွားတိုးတက်ရေးအတွက် နိုင်ငံတော်၏အဓိကစီးပွားရေးလုပ်ငန်းဖြစ်တဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှတဆင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများကိုလည်း နိုင်ငံတော်အကြီးအကဲများက ပံ့ပိုးကူညီ တွန်းအားပေး ဆောင်ရွက်လျက်ရှိကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများက အဓိကကျပြီး ၎င်းလုပ်ငန်းများမှတဆင့် အခြေခံကုန်ကြမ်းများရရှိကာ ခရိုင်၊ မြို့နယ်များတွင် အသေးစား၊ အလတ်စားနှင့် အငယ်စား ဒေသတွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်လာပြီး ဒေသတွင်း ကုန်စည်စီးဆင်းမှုနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝတိုးတက်လာမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏လူဦးရေ ၇၂ရာခိုင်နှုန်းခန့်က ကျေးလက်နေပြည်သူများဖြစ်ပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အခြေခံတာကြောင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို တာဝန်ရှိသူများက တွန်းအားပေး ဆောင်ရွက်သွားကြရန် ထည့်သွင်းပြောကြားခဲ့သည်။
ထို့နောက် နမ့်စန်ခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမြသိန်းက စိုက်ပျိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍လည်းကောင်း၊ ကျေးလက်စိမ်းလန်းမြေကုမ္ပဏီမှ တာဝန်ခံက စိုက်ကွင်းဖော်ဆောင်ထားမှုနှင့်စပ်လျဉ်း၍လည်းကောင်း အသီးသီးရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်အတွင်း စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံနေကြာမျိုးစေ့နှင့် မြေပဲမျိုးစေ့များကို တိုင်းမှူးနှင့်တာဝန်ရှိသူများက ပေးအပ်ရာ ဒေသခံတိုင်းရင်းသားပြည်သူများက လက်ခံရယူခဲ့ကြပြီး ဟိုမိန်းဒေသနှင့် ပြည်သူ့စစ်(ဌာနေ)ကိုယ်စား လုံစံကျေးရွာ ပြည်သူ့စစ်တာဝန်ခံ ဦးအိုက်ထွန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။ ထို့နောက် တိုင်းမှူးနှင့်တာဝန်ရှိသူများက စိုက်ကွင်းအတွင်း လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)