တန့်ယန်း အောက်တိုဘာ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ကြီးမှူးကာ ကျောင်းသား လူငယ်မောင်မယ်များ အသိပညာရရှိစေရန် လူကုန်ကူးမှုတားဆီးရေးနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲကို အောက်တိုဘာလ ၅ ရက်နေ့ မွန်းလွဲ ညနေ ၄ နာရီက နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ကျင်းပခဲ့သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးနိုင်က လူကုန်ကူးမှုတားဆီးရေးနှင့် မြို့နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်ကြပ်ကြီး အေးဇော်လတ်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ သိကောင်းစရာများနှင့် လိုက်နာဆောင်ရွက်ရမည့် အချက်အလက်များကို ပရိုဂျက်တာဖြင့် အသေးစိတ် ရှင်းလင်းဟောပြောကာ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)