တာချီလိတ် အောက်တိုဘာ ၈
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ တာချီလိတ်မြို့ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၏ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၄) သင်တန်းဆင်းပွဲအခမ်းအနားကို အောက်တိုဘာ ၆ ရက် နံနက် ၉ နာရီက အဆိုပါသင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်နိုင်က အမှာစကားပြောကြားပြီး အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းမှ ဒုတိယကျောင်းအုပ်ကြီးဒေါ်ခန့်စုယဉ်က သင်တန်းကျောင်းဆိုင်ရာအချက်အလက်များအား ရှင်းလင်းတင်ပြကာ သင်တန်းတွင် ထူးချွန်ပထမဆုရရှိသော မဂျီးလာအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်၊ ဒုတိယဆုရရှိသော မနာစောတီအား ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးဇော်လင်းအောင်၊ တတိယဆုရရှိသော မဒီးနာအား ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ခရိုင်ဦးစီးမှူးဦးသန့်ဇင်နှင့် သင်တန်းဆင်းအောင်လက်မှတ်များကို ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဖြူပြာခတို့က အသီးသီးချီးမြှင့်ပေးအပ်ရာ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ထို့နောက် ခရိုင်အမျိုးသမီးရေးရာအဖွဲ့နှင့် ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့တို့က အလှူငွေများပေးအပ်လှူဒါန်းရာ ဒုတိယကျောင်းအုပ်ကြီး ဒေါ်ခန့်စုယဉ်က လက်ခံရယူပြီး အခမ်းအနားတက်ရောက်လာကြသူများက သင်တန်းများ၏ လက်ရာများဖြစ်သော မုန့်များနှင့် အဝတ်အထည်များအား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
သန်းဇော်(ပြန်/ဆက်)