အခြေခံပညာအထက်တန်းကျောင်း(မိုင်းယန်း)၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်ပြသ

မိုင်းယန်း အောက်တိုဘာ ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတများတိုးပွားရေးရန်နှင့် စာဖတ်သည့်အလေ့အထကောင်းများရရှိစေရန်ရည်ရွယ်၍  လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို အောက်တိုဘာ ၆ ရက် နံနက် ၉ နာရီက မွန်ကဲရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်သည်။

အဆိုပါဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ ကျောင်းသား/ ကျောင်းသူများအား လူငယ်နှင့်ရည်မှန်းချက်ခေါင်းစဉ်ဖြင့် လူငယ်ဘဝ ပညာသင်အရွယ်မှစ၍ မိမိဝါသနာ၊ ဗီဇစရိုက်နှင့်ကိုက်ညီသော ဘဝရည်မှန်းချက်ထားရှိပြီး အသိပညာ၊ အတက်ပညာများကို ရှာဖွေလေ့လာဆည်းပူးသင်ယူသင့်ပုံများ၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေးဆိုင်ရာများကို ဉပမာ၊ သာဓကများဖြင့်  အသိပညာပေး အကျယ်တဝင့်ရှင်းလင်း ဟောပြောသည်။

ထို့နောက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်နှင့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များကိုပြသရာ ကျောင်းသား/ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းထူး