ဥတ္တရသီရိမြို့နယ်၌ အယ်လ်နီညိုရာသီဥတုဖြစ်စဥ်ကြောင့်စိုက်ပျိုးရေးကဏ္ဍတွင် ထိခိုက်ပျက်စီးဆုံးရှုံးမှု လျော့နည်းရေး နည်းပညာပေး ဆွေးနွေးပွဲကျင်းပ

ဥတ္တရသီရိ အောက်တိုဘာ ၇

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊  ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာ တောင်သူအသိပညာပေးစင်တာ၌ ယမန်နေ့မွန်းလွဲပိုင်းက အယ်လ်နီညိုရာသီဥတုဖြစ်စဥ်ကြောင့် စိုက်ပျိုးရေးကဏ္ဍတွင် ထိခိုက်ပျက်စီး ဆုံးရှုံးမှုလျော့နည်းရေး နည်းပညာပေးဆွေးနွေးပွဲ ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် ဥတ္တရသီရိမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးနိုင်က အယ်လ်နီညိုရာသီဥတု ဖြစ်ပေါ်လာနိုင်မည့်အခြေအနေများ၊ အယ်လ်နီညိုရာသီဥတုဖြစ်စဥ်ကြောင့် စိုက်ပျိုးထုတ်လုပ်မှုအပေါ် ထိခိုက်လာနိုင်မည့်အခြေအနေများ၊ တောင်သူများအနေဖြင့် ပျက်စီးဆုံးရှုံးမှုလျော့နည်းစေရေးအတွက် ကြိုတင်သတိပြု ပြင်ဆင်ရမည့်အချက်များနှင့် လိုက်နာဆောင်ရွက်ရမည့်အချက်များကို အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ပြီး ဒုတိယဦးစီးမှူး ဒေါ်အိဇင်ဝင်းက  မျိုးကောင်းမျိုးသန့်များ၊ သက်တမ်းတိုမျိုးများ ပြောင်းလဲစိုက်ပျိုးသွားရန်၊ သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာကို အချိုးကျပေါင်းစပ်သုံးစွဲရန်၊ ယူရီးယားဓာတ်မြေသြဇာကို အလွန်အကျွံမသုံးစွဲရန်နှင့် ပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းစေရန်၊ အယ်လ်နီညိုရာသီဥတုဖြစ်စဥ်ကြောင့် ရောဂါပိုးကျရောက်နိုင်မှု ကာကွယ်ရန်နည်းလမ်းများ၊ ဘက်စုံပိုးမွှားရောဂါ ကာကွယ်ရေးနည်းလမ်းများ၊ လိုက်နာကျင့်သုံးရမည့် အချက်များနှင့် နည်းပညာပေးဆွေးနွေးပွဲမှရရှိသော အသိပညာဗဟုသုတများကို တောင်သူအချင်းချင်း မျှဝေရန်နှင့်လိုက်နာကျင့်သုံးဆောင်ရွက်ရန် ရှင်းလင်းဆွေးနွေးကာ  တက်ရောက်လာကြသည့် တောင်သူများက သိလိုသည်များကိုမေးမြန်းရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် ပြန်လည် ဆွေးနွေးပေးခဲ့ကြသည်။

အဆိုပါနည်းပညာပေး ဆွေးနွေးပွဲသို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးနိုင်နှင့်ဝန်ထမ်းများ၊ သရက်တောကျေးရွာ၊ မသိမ်ကျေးရွာနှင့် တောင်ညိုကျေးရွာအုပ်စုမှ တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်မျိုးဝင်း(ပြန်/ဆက်)