အမရပူရတွင် တောင်သူအကျိုးပြုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

အမရပူရ အောက်တိုဘာ ၇

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက်က အမရပူရမြို့နယ်အတွင်းရှိ ၂၀၂၃-၂၀၂၄ ခုနှစ်  မိုးစပါးစိုက်တောင်သူများအား ဓာတ်မြေဩဇာ ဖြန့်ဖြူးရောင်းချခြင်း၊ ဆောင်းသီးနှံ စိုက်တောင်သူများအား နေကြာမျိုးစေ့ ထောက်ပံ့ပေးခြင်း၊ မျိုးစေ့ထုတ်စံပြတောင်သူအား ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများ ထောက်ပံ့ပေးခြင်းနှင့် အယ်လ်နီညိုရာသီဥတု အကျိုးသက်ရောက်မှုကြောင့် သီးနှံများပျက်စီး ဆုံးရှုံးမှုမှ လျော့နည်းစေရေး စကားဝိုင်းဆွေးနွေးပွဲတို့ကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက အမှာစကားပြော ကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးအောင်ထွန်း၊ ခရိုင်လယ်ယာမြေစီမံခန့်ခွဲရေး အဖွဲ့ဝင်များနှင့် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးဌာနမှူး‌ ဒေါက်တာ မိုးဆွေရည်တို့က တောင်သူများအား ဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာနှင့် နေကြာမျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့ပြီး  အယ်လ်နီညိုရာသီဥတု အကျိုး သက်ရောက်မှုကြောင့် သီးနှံများပျက်စီးဆုံးရှုံးမှုမှ လျော့နည်း စေရေးအတွက် ကြိုတင်သတိပေးခြင်းနှင့် ပြင်ဆင်ရေးဆိုင်ရာ စကားဝိုင်း ဆွေးနွေးပွဲကို ဆက်လက်ကျင်းပခဲ့ကြောင်း သိရသည်

ထို့နောက် ခရိုင်ဥက္ကဋ္ဌနှင့် အဖွဲ့သည် အမရပူရမြို့နယ်၊ ဆောက်တောဝကျေးရွာ၊ တောင်သူ ဦးစောကိုသိန်း၏ မိုးစပါး RS to CS မျိုးစေ့ ထုတ်စံပြစိုက်ခင်းသို့ လိုက်လံကြည့်ရှုပြီး တောင်သူများနှင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အမရပူရမြို့နယ်တွင် ယခုနှစ်မိုးစပါးကို ၁၀၆၆၉ ဧက လျာထားခဲ့ပြီး ၁၀၇၄၅ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ဆီထွက်သီးနှံ တိုးတက်စိုက်ပျိုး ထုတ်လုပ်ရေး ရည်မှန်းချက်ဖြင့် ဆောင်းမြေပဲ ဧက ၃၀၀ ကို နိုင်ငံစီးပွားမြှင့်တင်ရေးစီမံကိန်းရန်ပုံငွေဖြင့် တောင်သူများ စိုက်ပျိုးနိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဒေါက်တာ မိုးဆွေရည်ထံမှ သိရသည်။

စိုးသီဟ(အမရ)