ကောလင်း အောက်တိုဘာ ၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့ မြောက်အင်း (အ-လ-က) ခွဲကျောင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အဆိုပါကျောင်းရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကောလင်းမြို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူရက လူငယ်များ၏အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း၊ ယနေ့လူငယ်များသည် အနာဂတ်တွင် လူကြီးများဖြစ်လာမည့်အတွက် ယခုကစ၍ ပညာအခြေခံကောင်းပြီး အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားတတ်မှသာ မျိုးဆက်သစ် များအတွက်ကောင်းမွန်သည့် အသိုင်းအဝိုင်းတစ်ခုကို တည်ဆောက်နိုင်မည်ဖြစ်ပါကြာင်း၊ ကျောင်းသားလူငယ်များအနေဖြင့် မိမိကိုယ်ကို ကောင်းအောင်ကြိုးစားမည်၊ မိမိအတန်းကိုကောင်းအောင်ကြိုးစားမည်၊ မိမိကျောင်းကိုကောင်းအောင်ကြိုးစားမည်၊ မိမိတိုင်းပြည်အတွက်ကို ကောင်းအောင်ကြိုးစားရမည်ဖြစ်ပါကြောင်း၊ လူငယ်စကားဝိုင်းကျင်းပရသည့် ရည်ရွယ်ချက်အားပြောကြားခဲ့ပါသည်။ လူငယ်စကားဝိုင်းဖြစ် မြောက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးသည့် ပညာရေးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များအားလုံး ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် ကျောင်းသား/ကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မိုးခက်က ဦးဆောင်၍ လူငယ်စကားဝိုင်းကိုစတင်ရာ ကျောင်းသား/ကျောင်းသူ(၄)ဦးက လူငယ်နှင့်အားကစား၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်မူးယစ်ဆေးဝါး စသည့်ခေါင်းစဉ်များကို တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးကြသည့် ကျောင်းသား/ကျောင်းသူများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဂုဏ်ပြုလက်ဆောင် ပစ္စည်းများပေးအပ်ခဲ့သည်။
ခရိုင်(ပြန်/ဆက်)