ပျဉ်းမနား အောက်တိုဘာ ၇
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့၊ ကန်တော်မင်္ဂလာရှမ်းကန် ရေလယ်ဘုရား ကျောင်းဆောင်သစ်ဆောက်လုပ်ခြင်းနှင့် ရှင်ဥပဂုတ္တကျောင်းဆောင် ဆောက်လုပ်ခြင်းလုပ်ငန်းများအား နေပြည်တော်ကောင်စီဥက္ကဋ္ဌ/ မြို့တော်ဝန်ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနကြီးမှူးများ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ/ မြို့တော်ဝန်ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် ရေလယ်ဘုရားကျောင်းဆောင်နှင့် ရှင်ဥပဂုတ္တကျောင်းဆောင် အဆင့်မြှင့်တင် တည်ဆောက်ခြင်းလုပ်ငန်း၊ လျှောက်လမ်းတံတားတည်ဆောက်ခြင်းလုပ်ငန်းများ၊ ကန်တော်မင်္ဂလာရှမ်းကန် အတွင်း/အပြင်နှင့် ကန်ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေးလုပ်ငန်းများ၊ ကန်တော်မင်္ဂလာရှမ်းကန်ကို အများပြည်သူလာရောက်အပန်းဖြေ အနားယူနိုင်သည့် ပျဉ်းမနားမြို့၏ အထင်ကရနေရာတစ်ခုအဖြစ် ပီပီပြင်ပြင်ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ ပြန်လည်ပြုပြင်အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ/ မြို့တော်ဝန်က ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကို Green City, Clean City, Smart City အဖြစ်ဆောင်ရွက်ရာတွင် ပျဉ်းမနားမြို့၏ အထင်ကရနေရာ မင်္ဂလာကန်တော် ရှမ်းကန်ကြီးကို သန့်ရှင်းသာယာလှပပြီး အများပြည်သူများ အပန်းဖြေနားနေရာတစ်ခုအဖြစ် ရေရှည်တည်ရှိနေရန်အတွက် မြို့မိ/မြို့ဖ၊ ရပ်မိ/ရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့နေပြည်သူလူထုများက ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ပေးကြရမှာဖြစ်ကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများကိုလည်း သတ်မှတ်စံချိန်စံညွှန်းများ ပြည့်မီစွာဆောင်ရွက်ရန်၊ ကန်ပတ်လည်တွင် ရာသီမရွေးပွင့်လန်းစေမည့်အရိပ်ရပင်နှင့် ပန်းအလှပင်များစိုက်ပျိုးရန်၊ ရေကန်အတွင်းနှင့် ကန်ပတ်ဝန်းကျင်တွင် အမြဲမပြတ်သန့်ရှင်းစေရေး ဂရုပြုဆောင်ရွက်ရန်တို့ကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
မျိုးသီဟ(မြို့နယ်ပြန်/ဆက်)