တောင်ကြီးမြို့တွင် ကာယ၊ ဉာဏပြိုင်ပွဲများ၊ လူငယ်ရေးရာဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်

တောင်ကြီး အောက်တိုဘာ ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် လူငယ်များ ကာယ၊ ဉာဏစွမ်းရည် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာဗဟုသုတရရှိစေရန် ကာယ၊ ဉာဏပြိုင်ပွဲများ၊ လူငယ်ရေးရာဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမနှင့် အနုပညာခန်းမတွင် ယမန်နေ့ မွန်းလွဲ (၁) နာရီက ပြုလုပ်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကြီးခရိုင်ဦးစီးမှူး ဦးနိုင်ဝင်းထွန်းက ပြိုင်ပွဲများပြုလုပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ကျောင်းသားလူငယ်များအတွက် အင်္ဂလိပ်စာဉာဏ်စမ်းပြိုင်ပွဲ၊ မြန်မာစာဉာဏ်စမ်းပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်၊ စကားပုံဆက်ပြိုင်ပွဲ၊ သင်္ချာဉာဏ်စမ်းပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခဲ့သည်။

ထို့နောက် တောင်ကြီးခရိုင်ဦးစီးမှူးက လူငယ်များအသိပညာဗဟုသုတရရှိစေရန်နှင့် သိမှတ်ဖွယ်လူငယ်ရေးရာ အကြောင်းအရာများအား ဟောပြောခဲ့ကြောင်းနှင့် ပြိုင်ပွဲတွင်ဆုရရှိသူများအား တောင်ကြီးခရိုင်ဦးစီးမှူးက ဆုများအသီးသီး ချီးမြှင့်ပေးကြကြောင်းနှင့် နံရံကပ်စာစောင်များကို ခင်းကျင်းပြသပေးခဲ့ကြောင်း သိရသည်။

အေးအေးစိုး(ပြန်/ဆက်)