မချမ်းဘော အောက်တိုဘာ ၇
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်တွင် ရန်ဇာရှီး (ခေါ်) ဆူးကပ်သီးများ လှိုင်လှိုင်ထွက်ရှိပြီဖြစ်ပြီး မိသားစုအပိုဝင်ငွေ ရရှိရန်အတွက် ကောက်ယူရောင်းချသူများရှိကြောင်း သိရသည်။
အဆိုပါ ရန်ဇာရှီး(ခေါ်) ဆူးကပ်သီးအပင်သည် သဘာဝအလျောက်ပေါက်ရောက်သည့်အပင်ကြီးအမျိုးအစားဖြစ်ပြီး အသီးများမှာ အခွံမာအသီးအမျိုးအစားဖြစ်ကာ မရင့်မှည့်မီအချိန်ထိ ဆူးများရှိသည့်အတွက် ခူးယူရခက်သော်လည်း ရင့်မှည့်ချိန်တွင် အခွံအက်ကွဲကာ ထွက်ကျလာသည့်အစေ့ကို ရှာဖွေကောက်ယူရခြင်းဖြစ်သည်။
အဆိုပါရန်ဇာရှီး (ခေါ်) ဆူးကပ်သီးမှာ ဆိမ့်သောအရသာရှိပြီး အစိမ်းစားလို့ရသကဲ့သို့ လှော်စား၍လည်း ရသည်။ နေကြာစေ့၊ ဖရုံစေ့များကဲ့သို့ သရေစာအဖြစ်စားသုံးနိုင်ပြီး ငရုတ်သီးဖြင့်ထောင်းစားလျှင်လည်း ကောင်းမွန်ကြောင်း၊ ရန်ဇာရှီးသီးသည် အောက်တိုဘာနှင့် နိုဝင်ဘာလတို့တွင် လှိုင်လှိုင်ထွက်ရှိသည့်အတွက် ဒေသခံများက ရှာဖွေကောက်ယူကာ မချမ်းဘောမြို့ နံနက်စျေးနှင့် ပူတာအိုမြို့နံနက်စျေးတို့တွင် တည်ခင်းရောင်းချလေ့ရှိကြောင်း၊ ရန်ဇာရှီးစေ့နို့ဆီခွက်တစ်ဘူးလျှင် ကျပ်တစ်ထောင်ရရှိကြောင်း ဒေသခံများထံမှ သိရသည်။
ယောရွှေနီ (မချမ်းဘော)