လားရှိုး အောက်တိုဘာ ၇
နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံ့သားကောင်းရတနာများဖြစ်သည့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက် လာစေရန်နှင့် ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းစာ အပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝလာစေရန်၊ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းများတွင် လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်လာနိုင်ရေးအတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က လားရှိုးမြို့၊ အမှတ်(၇) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပ သည်။
ရှေးဦးစွာ လားရှိုးမြို့၊ အမှတ်(၇) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တွဲဖက်ပြည်နယ်ရုံး (လားရှိုး)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နန်းသန္တာဦးက လူငယ်စကားဝိုင်း ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကေသွယ်ဟန် လူငယ်စကားဝိုင်းကို ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ပြီး လူငယ် စကားဝိုင်းကို စတင်ရာ Grade-11 မှ မောင်ဖြိုးမင်းကိုကို၊ မဆုဝတီနန်း၊ မဟန်သော်တာငြိမ်း၊ Grade-10 မှ မောင်စွမ်းထက်လင်း၊ မအေးချမ်းခိုင် တို့က “လူငယ်နှင့် မူးယစ်ဆေး”၊ “လူငယ်နှင့် ပညာရေး”၊ “လူငယ်နှင့် အားကစား”၊ “လူငယ်နှင့်ကျန်းမာရေး”၊ “လူငယ်နှင့် ယဉ်ကျေးမှု” ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြသည်။
လူငယ်စကားဝိုင်းတွင် ဆွေးနွေးမှုများနှင့် ပတ်သက်၍ တက်ရောက်လာကြသူများက သိရှိလိုသည်များ မေးမြန်းခဲ့ရာ လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးကြသည့် ကျောင်းသားများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်