မိုးမောက်မြို့၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲဆောင်ရွက်

မိုးမောက် အောက်တိုဘာ ၇

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ အလက(ခွဲ)အောင်မြေကျောင်းခန်းမ၌ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ပညာရေးမှူးရုံး၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းလတ်က  လူငယ်နှင့်အားကစားအကြောင်း အသိပညာပေး ဟောပြောခြင်း၊ မြို့နယ် ပညာရေးမှူး ကိုယ်စား အထက(ကြံခင်း) ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်တောင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဘက်စုံထူးချွန်သည့်သူများ၊ လူရည်ချွန်မောင်မယ်များ ပေါ်ထွက်လာစေရေး ကျောင်းစာကိုသာမက ပြင်ပဗဟုသုတများ ကိုလည်း လေ့လာသင့်ကြောင်း အသိပညာပေးပြောကြား ခြင်း၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဟုန်းဘူက လူမှုဝန်ထမ်းဦးစီး ဌာနက ပြည်သူများအတွက် ဆောင်ရွက်ပေးနေသည့် လုပ်ငန်းများအကြောင်းနှင့် ကလေးသူငယ်အခွင့်အရေး အကြောင်းများ အသိပညာပေး ဟောပြောခြင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်လွန်းနန်းထွေးက လူငယ်နှင့် ဗလငါးတန်ဖွံ့ဖြိုးရေး အကြောင်း အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ဟောပြောပွဲသို့ တက်ရောက်လာသည့် အလကခွဲ(အောင်မြေ)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ခင်းကျင်းပြသထားသည့် ဗဟုသုတရဖွယ်စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)