လယ်ဝေး အောက်တိုဘာ ၇
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ်၊ အေလာကျေးရွာ KC ခန်းမတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီက အယ်လ်နီညိုရာသီဥတုဖြစ်စဥ်ကြောင့် စိုက်ပျိုးရေးကဏ္ဍတွင် ထိခိုက်ပျက်စီးဆုံးရှုံးမှုလျော့နည်းရေး နည်းပညာပေးဆွေးနွေးပွဲ ကျင်းပခဲ့သည်။
အဆိုပါနည်းပညာပေး ဆွေးနွေးပွဲသို့ နေပြည်တော်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိုင်းဦးစီးမှူးဦးစီးမှူး ဦးစိုးနိုင်၊ မြို့နယ်ဦးစီးမှူးဦးစောဝင်းနှင့်ဝန်ထမ်းများ၊စိုင်ခေါင်းရိုး၊ ရေကာ၊ အလယ်ကျွန်း၊အောင်းကုန်း၊ ပြည်ဝင်၊ ပိတောက်ချောင်၊ ရုံးပင်၊ အေလာကျေးရွာအုပ်စုများမှ ဒေသခံတောင်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာနမှဒု တိုင်းဦးစီးမှူးဦးစိုးနိုင်က အယ်လ်နီညိုရာသီဥတု ဖြစ်ပေါ်လာနိုင်မည့်အခြေအနေ၊ အယ်လ်နီညိုရာသီဥတု ဖြစ်စဥ်ကြောင့် စိုက်ပျိုးထုတ်လုပ်မှုအပေါ် ထိခိုက်လာနိုင်မည့်အခြေအနေ၊ တောင်သူများအနေဖြင့် ပျက်စီးဆုံးရှုံးမှုလျော့နည်းစေရေးအတွက် ကြိုတင်သတိပြု ပြင်ဆင်ရမည့်အချက်များနှင့် လိုက်နာဆောင်ရွက်ရမည့်အချက်များကို အသေးစိတ်ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ လယ်ဝေးမြို့နယ်ဦးစီးမှူးဦးစောဝင်းက မျိုးကောင်းမျိုးသန့်များ၊ သက်တမ်းတိုမျိုးများ ပြောင်းလဲစိုက်ပျိုးသွားရန်၊ သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာကို အချိုးကျ ပေါင်းစပ်သုံးစွဲရန်၊ ယူရီးယားဓာတ်မြေသြဇာကို အလွန်အကျွံမသုံးစွဲရန်နှင့် ပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းစေရန်၊ အယ်လ်နီညို ရာသီဥတုဖြစ်စဥ်ကြောင့် ရောဂါပိုးကျရောက်နိုင်မှု ကာကွယ်ရန်နည်းလမ်းများ၊ ဘက်စုံပိုးမွှားရောဂါကာကွယ်ရေး နည်းလမ်းများ၊ လိုက်နာကျင့်သုံးရမည့် အချက်များနှင့် နည်းပညာပေးဆွေးနွေးပွဲမှရရှိသော အသိပညာဗဟုသုတများကို တောင်သူအချင်းချင်း မျှဝေရန်နှင့်လိုက်နာကျင့်သုံးဆောင်ရွက်ရန် အသီးသီးဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် နည်းပညာပေးဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် တောင်သူများကသိလိုသည်များကိုမေးမြန်းရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ဝေကြည်(ပြန်/ဆက်)