မိုင်းကိုင်မြို့နယ်၊ ကတ်ဖွီးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ ၃ ရွာအား လယ်ယာမြေလုပ်ကိုင်ပိုင်ခွင့် လက်မှတ် ပုံစံ-၇ များပေးအပ်

မိုင်းကိုင် အောက်တိုဘာ ၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ ကတ်ဖွီးကျေးရွာအုပ်စုအတွင်းရှိ ကျေးလက်နေတောင်သူများအား  လယ်ယာမြေလုပ်ကိုင်ပိုင်ခွင့်လက်မှတ် ပုံစံ-၇ ပေးအပ်ပွဲ အခမ်းအနားကို  ယမန်နေ့ နေ့လည်ပိုင်းက  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး  အစည်းအဝေးခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦးက  အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးအရာရှိ  ဦးကျော်ကျော်နိုင်က လယ်ယာမြေလုပ်ကိုင်ပိုင်ခွင့်လက်မှတ်  ပုံစံ(၇)နှင့်ပတ်သက်၍   တောင်သူများအတွက်  ပိုင်ဆိုင်မှုအထောက်အထား၊ တည်ဆဲဥပဒေနှင့်အညီ ဆောင်ရွက်ခွင့်ရရှိနိုင်မည့်ကိစ္စရပ်များ၊ ပုံစံ-၇ မရှိသေးသောတောင်သူများအတွက် လျှောက်ထားနိုင်သည့် နည်းလမ်းများကိုရှင်းလင်းပြောကြားကာ တာဝန်ရှိသူများက  တောင်သူများထံ လယ်ယာမြေလုပ်ကိုင်ပိုင်ခွင့်လက်မှတ် ပုံစံ(၇)များကို လက်ဝယ်အရောက် ပေးအပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် မိုင်းကိုင်မြို့နယ်၊ ကတ်ဖွီးကျေးရွာအုပ်စု၊ စွမ်ဝမ်၊ နားဖာလုတ်နှင့် ကောင်းဟဲကျေးရွာများမှ တောင်သူပေါင်း (၈၉)ဦး၊ ဦးပိုင် ၁၂၇ ဦးပိုင်၊ ဧရိယာ ၈၃၅.၇၃ ဧက တို့အတွက်  လယ်ယာမြေလုပ်ကိုင်ပိုင်ခွင့်လက်မှတ် ပုံစံ-၇များကို  ပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။

ချေ(မိုင်းကိုင်)