ကျိုင်းတုံမြို့နယ်တွင် လူငယ်ရေးရာနှင့်အားကစားဆိုင်ရာ အသိပညာပေးဟောပြော

ကျိုင်းတုံ        အောက်တိုဘာ  ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် လူငယ်ရေးရာနှင့်အားကစားဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယမန်နေ့က အခြေခံပညာအထက်တန်းကျောင်း (ကတ်ဖ)တွင် ကျင်းပသည်။

ဟောပြောပွဲတွင် ကျိုင်းတုံမြို့နယ်အားကစားမှူး ဦးစိုင်းသိန်းထွန်းက လူငယ်၊ လူရွယ်များ ငယ်ရွယ်နုပျိုစဉ်အချိန်မှစ၍ လမ်းမှားသို့မရောက်ရှိစေရေးအတွက် အားလပ်ချိန်များတွင် အားကစားကိုလုပ်ဆောင်စေလိုကြောင်းနှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး၊ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ်များ ရှင်သန်ထက်မြက်လာစေရေး၊ အနာဂတ်မြန်မာနိုင်ငံအတွက် အားကိုးအားထားပြုရမည့် လူတော်လူကောင်းများ ပေါ်ထွန်းလာရေး စသည့် လူငယ်ရေးရာနှင့် အားကစားဆိုင်ရာ အကြောင်းအရာများကို အသိပညာပေး ဟောပြောသည်။

ထို့နောက် မြို့နယ်အားကစားမှူးက ဘောလုံး၊ ဘတ်စကတ်ဘော၊ ခြင်းလုံး အစရှိသည့် အားကစားပစ္စည်းများကို ကျောင်းအတွက် ပံ့ပိုးလှူဒါန်းခဲ့ကြောင်းသိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)