မောက်မယ် အောက်တိုဘာ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ ရှေးဟောင်းသမိုင်းဝင် နန်းဖတ်ခုမ်စေတီတော်ဝန်းအတွင်းရှိ စေတီတော်များအား မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဇော်က ဦးဆောင်ပြီး ဒါနရှင်ဓမ္မမိတ်ဆွေများက ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော်နှင့် ဘုရားအနေကဇာတင်လှူပူဇော်ပွဲ အခမ်းအနားကို ယနေ့နံနက်(၇)နာရီက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ နန်းဖတ်ခုမ်စေတီတော် ဆိုင်းဘုတ်အားဖွင့်လှစ်၍ အမွေးနံသာရည်များဖြင့် ပက်ဖြန်းပြီး စေတီထီးတော်တင်လှူပူဇော်ပွဲတွင် မြို့နယ်သံဃာ့နာယကအကျိုးတော်ဆောင် နန်းဖတ်ခုမ်ကျောင်း ဆရာတော် ဦးဆောင်ပြီး သံဃာတော်အရှင်သူမြတ်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်ဇော်နှင့် ဒါနရှင်ဓမ္မမိတ်ဆွေများက စုပေါင်း၍ ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော်များတင်လှူပူဇော်ပြီး ဗုဒ္ဓဘိသေကဘုရား အနေကဇာတင်မင်္ဂလာ အခမ်းအနားကျင်းပခဲ့သည်။ ဆက်လက်၍အခမ်းအနားသို့ တက်ရောက်လာကြသော ဆရာတော်သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်များက နမောတဿ သုံးကြိမ်ရွတ်ဆို ပူဇော်ဘုရားကန်တော့ဖွင့်လှစ်ပြီး မြို့နယ်သံဃာ့နာယက အကျိုးတော်ဆောင် နန်းဖတ်ခုမ်ကျောင်း ဆရာတော်ထံ ငါးပါးသီလခံယူဆောက်တည်၍ ကြွရောက်လာကြသော သံဃာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များချီးမြှင့်ခြင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမင်းသက်နိုင်၊ ရဲမှူးမြင့်ဇော်နှင့်မြို့မစခန်းမှူး ဒုရဲမှူးမင်းနိုင်တို့က ဝါဆိုသင်္ကန်းနှင့်လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်းများဆောင်ရွက်ပြီး ရေစက်သွန်းချအမျှပေးဝေခဲ့သည်။ ယင်းနောက်အခမ်းအနားသို့ ကြွရောက်လာကြသော ဆရာတော်သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိသတ်များက ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုပူဇော်၍ အခမ်းအနားရုပ်သိမ်းပြီး ရဲမှူးမြင့်ဇော်နှင့် အလှူရှင်များက ရတနာရွှေမိုးငွေမိုးများ ရွာသွန်းပေးခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)