ကျောက်ပန်းတောင်းမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြတ်ဆရာပူဇော်ကန်တော့ပွဲ ကျင်းပ

ကျောက်ပန်းတောင်း အောက်တိုဘာ  ၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြတ်ဆရာပူဇော်ကန်တော့ပွဲကို ယမန်နေ့ နံနက်(၉)နာရီက အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ ပညာဂုဏ်ရောင်ဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် အမှတ်(၂)အထက်တန်းကျောင်းမှ ကျောင်းသား/ကျေင်းသူလေးများက မြတ်ဆရာသီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်းစီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ပေးပို့သည့်  သဝဏ်လွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က ဖတ်ကြားသည်။ ယင်းနောက် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့(၅)ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များက ပေးပို့သော စုပေါင်းသဝဏ်လွှာကို မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးမော်က ဖတ်ကြားသည်။

၎င်းနောက် ကြွရောက်လာကြသည့် အသက်(၆၀)ပြည့်ပြီး အငြိမ်းစားပင်စင်ယူခဲ့ကြသည့် အသက်(၇၀)နှစ်နှင့်အထက် ဆရာကြီး/ဆရာမကြီးများအား ပူဇော်ကန်တော့ငွေပေးအပ်ခြင်းနှင့် ဂါရဝပြုပူဇော်ကန်တော့ပွဲကို ဆက်လက်ကျင်းပရာ အခြေခံပညာကျောင်းအသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသည့် ကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများနှင့် ဆရာ/ဆရာမများက ဩကာသကန်တော့ချိုးဖြင့် ရိုသေစွာရှိခိုးကန်တော့ကြပြီး ကန်တော့ငွေများပေးအပ်ကြသည်။

ထို့နောက် ညွှန်ကြားရေးမှူး(ငြိမ်း) ဒေါ်သောင်းနုက ကျေးဇူးတင် ဝမ်းမြောက်စကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အဆိုပါ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်၊ မြို့နယ်ပညာရေးမှူး(တာဝန်) ဆရာမကြီးဒေါ်အေးအေးမော်နှင့် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအသီးသီးမှ ကျောင်းအုပ်များနှင့်ဆရာ/ဆရာမများ၊ ကန်တော့ခံ ဆရာကြီး/ဆရာမကြီးများ တက်ရောက်ခဲ့ ကြပြီး အသက်(၇၀)နှစ်နှင့်အထက် ဆရာကြီး/ဆရာမကြီး စုစုပေါင်း(၁၈၃) အနက်(၈၀)ဦးတက်ရောက်ခဲ့ကြကြောင်း၊ ပူဇော်ကန်တော့ပွဲသို့ တက်ရောက်နိုင်ခြင်းမရှိသည့် ဆရာကြီး/ဆရာမကြီးများအား အိမ်ဆိုင်ရာရောက်သွားရောက် ပေးအပ်ပူဇော်ကန်တော့သွားမည်ဖြစ်ကြောင်းသိရသည်။

နေအောင်