ရေနံချောင်းမြို့နယ်၌ တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်လှစ်

ရေနံချောင်း အောက်တိုဘာ ၆

မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် ၂၀၂၃ ခုနှစ် အမျိုးသားအဆင့် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အဆိုပါရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ချောက်ခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာအေးမင်းဇော်က  မြို့နယ်အတွင်း တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရာတွင် အချက်အလက်များ မြန်ဆန်မှန်ကန်စွာ ရရှိနိုင်ရန်အတွက် ဆင့်ပွားသင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် ရေနံချောင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာမေလွင်ဦး က တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူရာတွင် မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရန်အတွက် Mobile Phone ဖြင့် Commcare application အသုံးပြု၍ စာရင်းရေးသွင်းရမည့်ပုံစံများနှင့် ရေးသွင်းပုံနည်းစနစ်များကို အသေးစိတ် ရှင်းလင်းပို့ချသည်။

သင်တန်းတွင် မြို့နယ်အတွင်းရှိ ကျေးရွာများမှ သင်တန်းသား ၂၅ ဦး တက်ရောက်ခဲ့ပြီး တိရစ္ဆာန်ကောင် ရေစာရင်းကောက်ယူခြင်းကို ဘူးကျွန်းကျေးရွာအုပ်စု နတ်စင်ကျေးရွာသို့ ကွင်းဆင်း၍ လက်တွေ့ပြသဆောင်ရွက်ခဲ့သည်။

ရေနံချောင်းမြို့နယ်၌  ၂၀၂၃ ခုနှစ် တိရစ္ဆာန်ကောင်ရေစာရင်းကောက်ယူခြင်းလုပ်ငန်းကို နိုင်ဝင်ဘာ ၁ ရက်နေ့က စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနက သိရသည်။

မြို့နယ်ပြန်/ဆက်