မိုင်းယောင်းမြို့နယ်တွင် မီးခိုးမြူငွေ့ဖုံးလွှမ်းမှုမဖြစ်ပေါ်စေရေး အသိပညာပေး

မိုင်းယောင်း အောက်တိုဘာ ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ဒေသတွင်း မီးခိုးမြူငွေ့ဖုံးလွှမ်းသည့်ကိစ္စများ မဖြစ်ပေါ်စေရေး အသိပညာပေးဟောပြောပွဲကို အောက်တိုဘာ ၄ရက်နေ့ မွန်းလွဲ ၂ နာရီက ဝမ်ဘိုးကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနိုင်မင်း၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုး၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာတင့်တင့်လွင်နှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးသိန်းထွန်းတို့က အယ်နီညိုကြောင့် မွေးမြူရေးဆောင်ရွက်သူများအနေဖြင့် နစ်နာဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန် အယ်နီညိုသတိပေးချက်များကို လိုက်နာဆောင်ရွက်ရန်နှင့် တောင်ယာ၊တောတောင်များတွင် တောမီးမရှို့ရန်၊ တောမီးရှို့၍ အမဲလိုက်ခြင်းများ မပြုလုပ်ရန် အသိပညာပေးဟောပြောခဲ့ကြသည်။

ထို့နောက် တက်ရောက်လာလာသူများက မရှင်းလင်းသည့်အချက်နှင့် သိလိုသည်များကို မေးမြန်းဆွေးနွေးရာ သက်ဆိုင်ရာတာဝန်ရှိသူတို့က ပြန်လည်ရှင်းလင်းဖြေကြားပေးပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ “ရာသီဥတုဖောက်ပြန်ခြင်း အယ်နီညိုအကြောင်း သိကောင်းစရာ”လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း