မြစ်သား အောက်တိုဘာ ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများမှ မြို့နယ်ပြည်သူ့စာကြည့်တိုက်သို့ လာရောက်မငှားရမ်းနိုင်သည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများသို့ Mobile Library စနစ်ဖြင့် သုတ/ရသစာအုပ်စာစောင်များ သယ်ဆောင်၍ လှည့်လည်ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများနှင့် မိသားစုဝင်များအား စာအုပ်စာစောင်များ (အခမဲ့)ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်က စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ဒေသခံပြည်သူများအား စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ပိုမိုကောင်းမွန်စေရန်၊ စာဖတ်ရှိန်ပိုမိုမြင့်မားလာစေရန်၊ စာအုပ်စာစောင်များနှင့် ရင်းနှီးကျွမ်းဝင်လာသည့်အပြင် စာပေများမှ အသိပညာဗဟုသုတများတိုးပွားလာစေရန် ရည်ရွယ်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနများသို့ ငှားရမ်းဖတ်ရှုလိုသည့် သုတ/ရသစာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ရာ တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြစ်သားမြို့နယ်ရုံးဝန်ထမ်းများအနေဖြင့် Mobile Library စနစ်ဖြင့် ငှားရမ်းပေးသည့် သုတ/ရသ စာအုပ်စာစောင်(၁၆၀)အုပ် ငှားရမ်းပေးနိုင်ခဲ့ပြီး အဆိုပါ ငှားရမ်းပေးခဲ့သော စာအုပ်များကို တစ်လလျှင်နှစ်ကြိမ် လဲလှယ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝင်းမင်းထွန်း(မြစ်သား)