ဘားအံ အောက်တိုဘာ ၆
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း (ဘားအံ)၏ အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၆)နှင့် ရိုးရာဂျပ်ခုတ်သင်တန်း အမှတ်စဉ်(၂၀)သင်တန်းဆင်းပွဲကို အောက်တိုဘာလ ၆ ရက်နေ့နံနက် ၉ နာရီခန့်က အဆိုပါသင်တန်းကျောင်းခန်းမဆောင်၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယနေ့သင်တန်းဆင်း သင်တန်းသူများအနေဖြင့် ထက်သန်သော ဇွဲ၊ လုံ့လ၊ ဝီရိယများဖြင့် အိမ်တွင်းမှုအတတ်ပညာများကို လေ့လာသင်ကြားတတ်မြောက်ထားပြီး ဖြစ်သည့်အတွက် မိမိတတ်မြောက်ထားသော အတတ်ပညာများဖြင့် ကျေနပ်မနေကြဘဲ ပြင်ပတွင်ဆန်းသစ်သော ဖက်ရှင်ဒီဇိုင်းပညာရပ်များ ခေတ်မှီဆန်းသစ်သောပညာရပ်များကို ထပ်မံလေ့လာသင်ယူကြရန်နှင့် သင်ယူလေ့လာ ဆည်းပူးခဲ့ကြသော အတတ်ပညာများဖြင့် မိမိဘဝလူမှုပတ်ဝန်းကျင်တိုးတက်အောင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ကျောင်းအုပ်ဆရာမကြီးက သင်တန်းဆိုင်ရာကိစ္စရပ်များနှင့် သင်တန်းကာလအတွင်း သင်တန်းသူများ၏ လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများအား Power Point အသုံးပြုရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းတို့က သင်တန်းထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ပြီး သင်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးက သင်တန်းဆင်းအောင်လက်မှတ်များ ပေးအပ်ချီးမြှင့်သည်။
ယနေ့သင်တန်းဆင်းပွဲတွင် အဆင့်မြင့်အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ်(၆)၌ သင်တန်းသူ ၃၅ဦး၊ ရိုးရာဂျပ်ခုတ်သင်တန်း အမှတ်စဉ်(၂၀)၌ သင်တန်းသူ ၅ ဦး စုစုပေါင်းသင်တန်းသူ ၄၀ ဦးတို့သည် ရက်သတ္တပတ် ၂၂ ပတ်ကြာ သင်ယူပြီးမြောက်၍ သင်တန်းဆင်းခဲ့ကြခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သင်တန်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ ၎င်းတို့ကိုယ်တိုင်ချုပ်လုပ်ထားသော သင်တန်းဆင်းလက်ရာများအား ကြည့်ရှုအားပေးကာ သင်တန်းသူ အိပ်ဆောင်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အလားတူ ၂၀၂၃ ခုနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၅ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ဘားအံမြို့၊ လှာကမြင်ကွက်သစ်၊ ဇွဲကပင်အားကစားကွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပရာ ပြိုင်ပွဲဝင် အားကစားသမားများက ကွင်းအတွင်းနေရာယူကြပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယနေ့ကျင်းပသည့်ပြိုင်ပွဲသည် လာမည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့နှင့် ၁၇ ရက်နေ့များတွင် နေပြည်တော်၌ကျင်းပမည့် ပြည်နယ်နှင့်တိုင်းဒေသကြီး အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် ကရင်ပြည်နယ် အသင်းဖွဲ့စည်းရန် ရည်ရွယ်ကျင်းပသည့်ပြိုင်ပွဲဖြစ်ကြောင်း၊ ကရင်ပြည်နယ်အေရိုးဗစ် အသင်းအနေဖြင့် အောင်မြင်မှု အစဉ်အလာကောင်းများရှိခဲ့ပြီး ယခုနှစ်တွင်လည်း အဆင့်မီမီဖြင့် အောင်မြင်မျုရရှိနိုင်အောင် ကြိုးစားလေ့ကျင့် ယှဉ်ပြိုင်ကစားသွားကြရန် တိုက်တွန်းလိုကြောင်း၊ ယခုပြိုင်ပွဲဝင်များမှ ကရင်ပြည်နယ်ကိုယ်စားပြု အားကစားသမားများကို ပါဝင်သင့်ပါဝင်ထိုက်သူများ ပါဝင်နိုင်အောင် အကောင်းဆုံးအသင်းဖြစ်အောင် ရွေးချယ်ပေးကြစေလိုကြောင်း တိုက်တွန်းမှာကြားပြီး ပြိုင်ပွဲအားဖွင့်လှစ်ပေးခဲ့သည်။
ထို့နောက် အားကစားသမားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုကြပြီး ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာ၍ ပြိုင်ပွဲအား စတင်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ အားကစားဝါသနာရှင်များက မြဝတီ၊ သံတောင်ကြီး၊ ဖာပွန်၊ ဘားအံမြို့နယ်များ၏ အကြီးတန်း(၉)ယောက်တွဲပြိုင်ပွဲ ယှဉ်ပြိုင်မှုများကို ကြည့်ရှုအားပေးခဲ့ကြကြောင်းနှင့် အဆိုပါပြိုင်ပွဲတွင် မြို့နယ်(၇)မြို့နယ်မှ အသင်း(၇)သင်း အားကစားသမပေါင်း(၇၀)ဦးတို့က အသင်းလိုက်(၉)ယောက်တွဲပြိုင်ပွဲ၊ (၃)ယောက်တွဲပြိုင်ပွဲ၊ တစ်ဦးချင်း ပြိုင်ပွဲများဖြင့် ယှဉ်ပြိုင်သွားကြမည်ဖြစ်ပြီး ဆုရရှိသူများအား ထိုက်တန်စွာချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)