ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ

ဆိပ်ကြီးခနောင်တို အောက်တိုဘာ ၆

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများ‌နေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် အခြေခံပညာအထက်တန်းကျောင်း Grade -10 တွင် ပညာသင်ကြားနေသည့် ကျောင်းသူလေးတစ်ဦးမှ မြတ်ဆရာသီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့သည်။ ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာအား ဆိပ်ကြီးခနောင်တိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်လှိုင်က ဖတ်ကြားပြီး၊ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့ ၅ ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များကပေးပို့သော စုပေါင်းသဝဏ်လွှာကို မြို့နယ်တာဝန်ခံပညာရေးမှူး ဦးဌေးခိုင်က ဖတ်ကြားခဲ့သည်။ ယင်းနောက် အခြေခံပညာအထက်တန်းကျောင်း Grade-6 တွင် ပညာသင်ကြားနေသည့် ကျောင်းသားလေးတစ်ဦးမှ အာစရိယမြတ်ဆရာသီချင်းဖြင့် သီဆိုဖျော်ဖြေပြီး၊ အခမ်းအနားတက်ရောက်လာသည့် တာဝန်ရှိသူများနှင့် ဆရာ၊ ဆရာမများက ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနား စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

အခမ်းအနားသို့ ဆိပ်ကြီးခနောင်တိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်လှိုင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း ၁၇ ကျောင်း မှ ကျောင်းအုပ် ဆရာ၊ ဆရာမကြီးများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဝေယံ (IPRD)