မချမ်းဘောမြို့၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အာစရိယပူဇော်ပွဲ အခမ်းအနားကျင်းပ

မချမ်းဘော အောက်တိုဘာ ၆

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ၂၀၂၃ ခုနှစ် ယနေ့တွင် ကျရောက်သော ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အာစရိယပူဇော်ပွဲ အခမ်းအနား ကို ယမန်နေ့ နံနက် ၁၀ နာရီက အထက (မချမ်းဘော) ကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အထက(မချမ်းဘော)ကျောင်း အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက မြတ်ဆရာသီချင်းဖြင့် ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို သီဆိုဖွင့်လှစ်ခဲ့ကြပြီး မြို့နယ် ပညာရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကိုဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော သဝဏ်လွှာကိုဖတ်ကြားခဲ့သည်။ ဆက်လက်၍ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့(၅)ဖွဲ့မှ ပေးပို့ သော သဝဏ်လွှာကို ဒုတိယမြို့နယ်ပညာရေးမှူး ဦးနောင်ထုန်းခေါထိန်က ဖတ်ကြားပြီးနောက် Grade-8 ကျောင်းသား၊ ကျောင်းသူများက "တို့ကျောင်းတော်" သီချင်းဖြင့် သီဆိုဂုဏ်ပြုခဲ့ကြ သည်။

ထို့နောက် ဒုတိယမြို့နယ်ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာကြီးများက အသက် ၇၀ နှစ်အထက် အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများ ၉ ဦးရှိသည့်အနက် တက်ရောက်လာကြသော ဆရာကြီး ဆရာမကြီး ၄ ဦးကို ဂါရဝပြုလက်ဆောင်များပေးခဲ့ကြပြီးနောက် အမှတ်တရ စုပေါင်းမှတ်တမ်း တင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

ယောရွှေနီ (မချမ်းဘော)