ကျောက်မြောင်း အောက်တိုဘာ ၆
စစ်ကိုင်းတိုင်ဒေသကြီး၊ ရွှေဘိုခရိုင် ကျောက်မြောင်းမြို့ ပြန်ကြားပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောက်မြောင်းမြို့ အခြေခံပညာအထက်တန်း ကျောင်းခန်းမတွင် ယမန်နေ့နံနက်ပိုင်းက လူငယ်စကားဝိုင်း ကျင်းပပြုလုပ် ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ အထက်တန်းကျောင်းဆရာ ဦးကျော်သူနှင်းက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူးဒေါ်သိင်္ဂီထွေးက လူငယ်တွေ အနေဖြင့် အသိပညာဗဟုသုတများ ပိုမိုကြွယ်ဝစွာရရှိစေရန်နှင့် ရရှိပြီးသား အသိပညာ ဗဟုသုတတွေကို ပြန်လည်မျှဝေပေးစေခြင်း၊ ပရိတ်သတ်များ၏ရှေ့၌ ထွက်ပြီးပြောရဲဆိုရဲ ပြောတတ်ဆိုတတ်သည့် စကားပြောအတတ်ပညာ ကျွမ်းကျင်လာစေရန်၊ လူငယ်အချင်းချင်း ရင်းနှီးမှုများရရှိပြီး ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့် ကောင်းများရရှိခြင်းနှင့် ဗလငါးတန်ပြည့်ဝသည့် လူငယ်၊ လူရွယ်များပေါ်ထွက်လာစေခြင်းစသည့် ရည်ရွယ်ချက်များဖြင့်လူငယ်စကားဝိုင်းများ ကျင်းပပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ဦးဆောင်ဆွေးနွေးသူအဖြစ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သိင်္ဂီထွေးက ဆောင်ရွက်ခဲ့ပြီး မောင်ချမ်းငြိမ်းဇော်က "လူငယ်နှင့်ကာယဗလ" မောင်ဇင်ကိုအောင်က "လူငယ်နှင့်ဥာဏဗလ" မနန်းယုဝတီက "လူငယ်နှင့်စာရိတ္တဗလ" မဒါဒါဝင်းက "လူငယ်နှင့် မိတ္တဗလ "မချမ်းပြည့်သူက "လူငယ်နှင့်ဘောဂဗလ"စသည့် ခေါင်းစဥ်များဖြင့် အသီးသီး ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများမှ မိမိတို့သိရှိလိုသည့် အကြောင်းအရာများကို မေးမြန်းဆွေးနွေးခဲ့ကာ သက်ဆိုင်ရာခေါင်းစဉ်အလိုက် ဆွေးနွေးသူများက ပြန်လည်ဖြေကြားခဲ့ကြပြီး တာဝန်ရှိသူများက လည်းဖြည့်စွက် ဖြေကြားပေး ခဲ့ကြောင်းသိရသည်။ လူငယ်စကားဝိုင်း သို့ကျောင်းသား/ကျောင်းသူ (၁၅၀)ဦး တက်ရောက် ခဲ့ကြောင်းသိရသည်။
ကျောက်မြောင်း(ပြန်/ဆက်)