ပူတာအိုမြို့၌ ၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကျင်းပ

ပူတာအို အောက်တိုဘာ ၆

ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် ၂၀၂၃ ခုနှစ် အောက်တိုဘာ(၅)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ အခမ်းအနားကို ယမန်နေ့ နံနက်(၁၀)နာရီက ပူတာအိုမြို့ အခြေခံပညာအထက် တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် အထက(ပူတာအို) ကျောင်းသား၊ ကျောင်းသူများက “မြတ်ဆရာ” သီချင်းသီဆိုကာ အခမ်းအနားကိုစတင်ဖွင့်လှစ်ပြီး ခရိုင်ပညာရေးမှူး ဒေါ်သန်းသန်းညွန့်က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ပေးပို့သော ကမ္ဘာ့ဆရာများနေ့ သဝဏ်လွှာကို ဖတ်ကြားသည်။

ဆက်လက်၍ ဒုတိယမြို့နယ်ပညာရေးမှူး ဦးရခွီဇိန်က ကမ္ဘာ့ကုလသမဂ္ဂလက်အောက်ခံအဖွဲ့ (၅)ဖွဲ့၏ ခေါင်းဆောင်များက ပေးပို့သော စုပေါင်းသဝဏ်လွှာကို ဖတ်ကြားပြီး ခရိုင်ပညာရေးမှူး၊ ဒုတိယ မြို့နယ် ပညာရေးမှူးနှင့် ဆရာ၊ ဆရာမများက အသက်(၇၀)နှစ်နှင့် အထက် ပညာရေးဌာနမှ အငြိမ်းစားယူခဲ့ကြသော ဆရာကြီး၊ ဆရာမကြီးများအား ပူဇော်ကန်တော့ခဲ့ကြကာ ဂါရဝပြုလက် ဆောင်များ ပေးအပ်ခဲ့ကြသည်။

ထို့နောက် မြို့နယ်ပညာရေးမှူး (အငြိမ်းစား) ဆရာကြီး ဦးဆာရ်ဝမ်ဖုန်က ဝါဒစကားမြွက် ကြားပြီး အထက(လေယာဉ်ကွင်း)ကျောင်း ကျောင်းသား၊ ကျောင်းသူများက “အနန္တဂုဏ်အင်မြတ် ဆရာ” သီချင်းဖြင့် ဂုဏ်ပြုဖျော်ဖြေကာ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနား မှတ်တမ်းတင် စုပေါင်းဓာတ်ပုံ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ကမ္ဘာ့ဆရာများနေ့ အခမ်းအနားတွင် ပညာရေးဌာနမှ အငြိမ်းစားယူခဲ့ကြသော ကန်တော့ခံ အသက်(၇၀)နှစ်နှင့် အထက် ဆရာကြီး၊ ဆရာမကြီး စုစုပေါင်(၂၀)ဦးအား ဂါရပြုလက်ဆောင်များ ပေးအပ်ခဲ့ခြင်းဖြစ်ပြီး အခမ်းအနားသို့ မတက်ရောက်နိုင်သည့် အငြိမ်းစားဆရာကြီး ဆရာမကြီးများ အား ဂါရဝပြု လက်ဆောင်များကို အိမ်တိုင်ရာရောက်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)