ရန်ကုန် အောက်တိုဘာ ၆
လူ့စွမ်းအားအရင်းအမြစ်များကို ပညာပြည့်ဝနှလုံးလှသည့် လူတော်လူကောင်းများအဖြစ် ပြုစုပျိုးထောင်ပေးပါသော ဆရာ၊ ဆရာမများ၏ ဂုဏ်အင်နှင့်စွမ်းပကားအား အသိအမှတ်ပြုသောအားဖြင့် အောက်တိုဘာလ ၅ ရက်နေ့ကို ကမ္ဘာ့ဆရာများနေ့အဖြစ် သတ်မှတ်ပြီး အထိမ်းအမှတ်အခမ်းအနားများကို ကျင်းပဆောင်ရွက်လျက်ရှိရာ ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၊ ပညာခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားကို ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သည့် သဝဏ်လွှာကို ဒေါပုံမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မင်းအေးက ဖတ်ကြားခဲ့ပြီး ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့(၅)ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များမှ ပေးပို့သောစုပေါင်းသဝဏ်လွှာကို တာဝန်ခံမြို့နယ်ပညာရေးမှူး ဦးစွမ်းပြည့်အောင်က ဖတ်ကြားခဲ့ပါသည်။ ထို့နောက် ဒေါပုံမြို့နယ်တွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် အသက် (၇၀) နှစ်နှင့်အထက် ဆရာကြီး၊ ဆရာမကြီးများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ထက်၊ လယ်၊ မူကျောင်းအုပ်ကြီးများနှင့် ဆရာ၊ ဆရာမများက ကန်တော့ခံပစ္စည်းများဖြင့် ကန်တော့ခဲ့ကြရာ ဆရာကြီး၊ ဆရာမကြီးများက ဝမ်းမြောက်ပီတိစကား ပြန်လည်ပြောကြားခဲ့ကြကြောင်း သိရသည်။
ဒေါပုံ (ပြန်/ဆက်)