မိုးကောင်းမြို့၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပ

မိုးကောင်း      အောက်တိုဘာ          ၆

ဆရာ့ကျေးဇူးကို အထူးသိမြင်ပြီး ပူဇော်ဦးခိုက်ကြသည့် ထုံးတမ်းစဉ်လာအရ “ပညာရေးကို မြှင့်တင်ဖို့ ဆရာအင်အားဖြည့်ဆည်းဖို့ ဆောင်ပုဒ်ဖြင့် ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ ၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားကို အထက(၁) ကျောင်း မဉ္ဇူသကခန်းမ၌ အောက်တိုဘာ(၅)ရက် နံနက်(၉)နာရီတွင် ကျင်းပသည်။

အခမ်းအနားတွင် အလက-သူဌေးကုန်းကျောင်းမှ Grade-9 ကျောင်းသူ မပိုးဇာလင်းက မြတ်ဆရာတေးသီချင်းဖြင့် အခမ်းအနားဖွင့်လှစ်သီဆိုသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာကို မိုးကောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က ဖတ်ကြားပြီး ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့(၅)ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များကပေးပို့သော စုပေါင်းသဝဏ်လွှာကို မြို့နယ် ပညာရေးရုံးမှ ဦးစီးအရာရှိ ဒေါ်ကျော့ကျော့မိုးက ဖတ်ကြားသည်။

အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်(ILO)နှင့် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေး မှုအဖွဲ့(UNESCO)တို့က ဆရာများ၏ အဆင့်အတန်းနှင့်ပတ်သက်သည့် ထောက်ခံချက်ကို လက်မှတ် ရေးထိုးခဲ့သော ၁၉၆၆ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့ကို အစွဲပြုကျင်းပခြင်းဖြစ်ကြောင်း၊ “အမျိုးသားစည်းကမ်းအစ စာသင်ကျောင်းကဟုသော စကားနှင့်အညီ စိတ်ဓါတ်နှင့်စည်းကမ်း ကောင်းမွန်ပြီး ပညာတတ်သောလူငယ်များပေါ်ထွန်းလာစေရန်အတွက် ပညာပြည့်ဝနှလုံးလှသည့် ဆရာကောင်းများ လိုအပ်လျက်ရှိကြောင်း၊ “ The teacher we need for the education we went: The global imperative to reverse the teacher shortage” ဟူသော ၂၀၂၃ ခုနှစ် ကမ္ဘာ့ဆရာများ နေ့ ဦးတည်ချက်နှင့်အညီ ကျွန်ုပ်တို့မျှော်မှန်းသော ပညာရေးအတွက် လိုအပ်သောဆရာများ ဖြည့်ဆည့်နိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်နိုင်ရေး စသည့်အကြောင်းအရာများ သဝဏ်လွှာ၌ ဖော်ပြပါရှိကြောင်း သိရသည်။

ယင်းနောက် Grade-9 ကျောင်းသူ မအေးမြတ်ဖူးသွယ်က အနန္တငါးဖြာ တေးသီးချင်းဖြင့် ဖျော်ဖြေသီဆို၍ တက်ရောက်လာသူဆရာဆရာများက အသက်(၇၀)နှစ်နှင့်အထက် ဆရာကြီး ဆရာမကြီးများအား ကန်တော့ပြီး အထိမ်းအမှတ်အခမ်းအနား မှတ်တမ်းဓာတ်ပုံရိုက်ကူးကြကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)