၂၀၂၃-ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနား ပုသိမ်မြို့၌ကျင်းပ

ပုသိမ် အောက်တိုဘာ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ၂၀၂၃-ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားကို ပုသိမ်မြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ရတနာတန်ဆောင်ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းပညာရေးမှူး၊ ခရိုင်နှင့် မြို့နယ်ပညာရေးမှူးများ၊ ဖိတ်ကြားထားသည့် ဆရာကြီး၊ ဆရာမကြီးများနှင့် တပည့် ဆရာ/ဆရာမကြီးများ၊ ကျောင်းသား/သူများ တက်ရောက်ကြသည်။

ရှေးဦးစွာ ပုသိမ်မြို့၊ အမှတ် (၆) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသူ(၂)ဦးက  “မြတ်ဆရာ”  သီချင်းဖြင့် အခမ်းအနားကို သီဆိုဖွင့်လှစ်ခဲ့သည်။ ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ဖတ်ကြားသည်။ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့ (၅)ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များက ပေးပို့သော စုပေါင်းသဝဏ်လွှာကို တိုင်းဒေသကြီး ပညာရေးမှူး ဦးတိုးတိုးဝင်းက ဖတ်ကြားပြီး တိုင်းဒေသကြီးအဆင့် စာစီစာကုံး ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/သူများနှင့် ကဗျာပြိုင်ပွဲတွင်  ဆုရရှိသူများအား တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဇနီး၊ ပုသိမ်လေတပ်စခန်း ဌာနချုပ်မှူးနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ကြသည်။ ဆက်လက်၍ အသက်(၇၀) နှစ်နှင့်အထက် ဆရာကြီး၊ ဆရာမကြီးများအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် ဇနီး၊ လေတပ်စခန်း ဌာနချုပ်မှူးတို့မှ ကန်တော့ခံပစ္စည်းများ ပေးအပ် ကန်တော့ခဲ့ကြသည်။

အခမ်းအနားအစီအစဥ် ဒုတိယပိုင်းကို ဆက်လက်ကျင်းပရာ ပုသိမ်မြို့ ၊ အ.ထ.က(၂)မှ ကျောင်းသား၊ ကျောင်းသူလေးများက "အာစရိယဂုဏောအနန္တေ ၁ " သီချင်းဖြင့်လည်းကောင်း၊ အ.ထ.က(၆)မှ ကျောင်းသား၊ ကျောင်းသူလေးများက "ဆရာကန်တော့တေး" သီချင်းဖြင့် လည်းကောင်း၊ အ.မ.က(၉)မှ ကျောင်းသား/သူ များက "ဆရာ့ရဲ့ဂရုဏာ" သီချင်းဖြင့် လည်းကောင်း၊ အ.ထ.က(၁)မှ ကျောင်းသား/သူများက “ခွင့်လွှတ်ပါဆရာ" သီချင်းဖြင့်လည်းကောင်း၊ (AD myanmar) ကိုယ်ပိုင်ကျောင်းမှ ကျောင်းသား/သူလေးများက "ထာဝရဇာနည်များ" သီချင်းဖြင့်လည်းကောင်း သီဆိုဖျော်ဖြေခဲ့ကြပြီး ဆရာကြီး၊ ဆရာမကြီးများအား ပူဇော်ကန်တော့၍ ကန်တော့ခံဆရာကြီးများမှ သြဝါဒစကားများ ပြန်လည်ပြောကြားခဲ့ကြကြောင်း သတင်းရရှိသည်။  

မြင့်ဟန် (ပြန်/ဆက်)