ကလေး အောက်တိုဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ ကမ္ဘာ့ဆရာများနေ့အခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ရွှေရတုခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းသား/သူများက မြန်မာ့ကျောင်းသီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ကလေး)မှ ဒေသကွပ်ကဲရေးမှူးဗိုလ်မှူးချုပ် အောင်နိုင်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ကလေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားခဲ့သည်။
ထို့နောက် ကလေးခရိုင် ပညာရေးမှူး ဦးညွန့်ဝင်းက UNESCO ၊ INTERNATIONAL LABOUR ORGANIZATION နှင့် UNICEF မှ ကမ္ဘာ့ဆရာများနေ့ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားခဲ့ပြီး ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စစ်ကိုင်းတိုင်းဒေသကြီးအဆင့်နှင့် ခရိုင်အဆင့် ကဗျာနှင့် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား/သူများကို ဒေသကွပ်ကဲရေးမှူး(ကလေး)နှင့် ကလေးခရိုင်စီမံအုပ်ချုပ်ရေးမှူးတို့က ဆုများ အသီးသီးချီးမြှင့်ပေးခဲ့သည်။
ဆက်လက်၍ ကျောင်းသား/သူများက မြတ်ဆရာသီချင်းဖြင့် သီဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ အဆိုပါအခမ်းအနားသို့ ဒေသကွပ်ကဲရေးမှူး(ကလေး)၊ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အခြေခံပညာဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျောင်းဆရာ/မများ၊ ကျောင်းသား/သူများ စုစုပေါင်း ၁၅၀ ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)