ဇလွန်မြို့နယ်တွင် အခြေခံစားသောက်ကုန်များအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေး

ဇလွန် အောက်တိုဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် အခြေခံလူတန်းစားများအား စားသုံးမှု အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ အခြေခံစားသောက်ကုန်များဖြစ်သော ဆီနှင့် ဆန်များအား ဈေးနှုန်းချိုသာစွာဖြင့် ယနေ့နံနက် ၁၀ နာရီတွင် ဇလွန်မြို့ လမ်းမတော်မြောက်ရပ်ကွက်နှင့် ညောင်ပင်စျေးရပ်ကွက်တို့တွင် ရောင်းချပေးခဲ့သည်။

ဇလွန်မြို့ လမ်းမတော်မြောက်ရပ်ကွက်တွင် ဟင်္သာတခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းမှ အခြေခံလူတန်းစားများအတွက် စားသောက်ကုန်ပစ္စည်များအား ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသောက်နိုင်ရေးအတွက် စားအုန်းဆီရည်ညွှန်းစျေး တစ်ပိဿာလျှင် (၄၈၀၀) ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင်ငါးဆယ်ကျပ်သားနှုန်း၊ ဇလွန်မြို့ညောင်ပင်စျေးရပ်ကွက်တွင် ဇလွန်မြို့နယ်ကုန်စည်ဒိုင်နှင့် ဆန်စပါးလုပ်ငန်းရှင်များအသင်းမှ ဆန်တစ်ပြည်လျှင် (၂၅၀၀) ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် ဆန်တစ်ပြည်နှုန်း၊ ဟင်္သာတခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီရည်ညွှန်းစျေး တစ်ပိဿာလျှင် (၄၈၀၀)ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် ငါးဆယ်ကျပ်သားနှုန်းကို ရောင်းချပေးခဲ့သည်။

ဝေယံ - ဇလွန် ( ပြန် /ဆက် )