အဆင့်မြင့်ဈေးချိုတော်နှင့် တိုက်တန်းကြီးမှ ကုန်ပစ္စည်းထုတ်ယူလိုသည့် ဆိုင်ခန်းရှင်များကို ကုန်ပစ္စည်းများ ထုတ်ယူခွင့်ပြုမည်

မန္တလေး အောက်တိုဘာလ ၂၀

အဆင့်မြင့်ဈေးချိုတော်နှင့် တိုက်တန်းကြီးမှ ကုန်ပစ္စည်းထုတ်ယူလိုသည့် ဆိုင်ခန်းရှင်များကို အောက်တိုဘာလ ၂၁ရက်နေ့မှစပြီး ဈေးရုံအလိုက် ကုန်ပစ္စည်းများ ထုတ်ယူခွင့်ပြုမည်ဖြစ် ကြောင်း အဆင့်မြင့်ဈေးချိုတော်နှင့် တိုက်တန်းကြီး ဈေးအကျိုးတော်ဆောင်ကော်မတီ အဖွဲ့မှ သိရသည်။ ပစ္စည်းများထုတ်ယူရန် လာရောက်ကြသူများအားလုံးသည် Maskနှင့် Face Shieldများ စနစ်တကျတပ်ဆင်ရန်၊ သက်ဆိုင်ရာရုံကိုယ်စားလှယ်များမှ စီစစ်ခွင့်ပြုကာ လူဦးရေစာရင်းအတိုင်း ထုတ်ပေးထားသော လည်ဆွဲ ကတ်ပြား (အပြာရောင်) များကို ဝတ်ဆင်ရမှာ ဖြစ်ပြီး လည်ဆွဲကတ်မပါပါက ဝင်ခွင့်ပြုမည် မဟုတ်သလို ကုန်ထမ်းလည်ဆွဲကတ်(လိမ္မော်ရောင်) ဖြင့် ဝင်ခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။
ထို့ပြင် ဈေးသို့လာရောက်ကြသူများအားလုံး ကိုယ်ရေးအချက်အလက်များကို သက်ဆိုင်ရာ ရုံလူကြီးထံတွင် ပေးရမှာဖြစ်ပြီး ကိုဗစ်-၁၉ ပိုးတွေ့ရပ်ကွက်များနှင့် နီးစပ်သောရပ်ကွက်တွင် နေထိုင်သူများ လာရောက် ခွင့်မပြုမည်မဟုတ်သလို ကျန်းမာရေးမကောင်းမွန်သူများ လာရောက်ခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။
ထိုသို့ ပစ္စည်းများထုတ်ယူခွင့်ကို အောက်တိုဘာလ ၂၁ရက်နေ့ နံနက် ၈နာရီမှ နေ့လယ် ၁၂နာရီထိကို A စပယ်ရုံ၊ C သရဖီရုံ၊ E သဇင်ရုံ၊ G စကားဝါရုံ ၊ မြေညီထပ်၊ ပထမထပ်၊ ဒုတိယထပ်ရုံများနှင့် မြောက်ဖက်တိုက်တန်းကြီး ဈေးရုံတို့ကို သယ်ယူခွင့်ပြုမှာဖြစ်ပြီး အောက်တိုဘာလ ၂၂ရက်နေ့ မနက် ၈နာရီမှ နေ့လယ် ၁၂နာရီထိကိုတော့ B နှင်းဆီရုံ၊ D ယုဇနရုံ၊ F ကံကော်ရုံ၊ H မြလေးရုံ၊ မြေညီထပ်၊ ပထမထပ်၊ ဒုတိယထပ်၊ တတိယထပ်၊ စက်လှေကား ပတ်လည်ဆိုင်ခန်းများအားလုံးနှင့် တောင်ဖက်တိုက်တန်းကြီးဈေးရုံတို့ကို သယ်ယူ ခွင့်ပြုသွားမည်ဖြစ်ကြောင်း အဆင့်မြင့်ဈေးချိုတော်နှင့်တိုက်တန်းကြီး ဈေးအကျိုးတော်ဆောင်ကော်မတီအဖွဲ့မှ သိရသည်။
ထိပ်ထားနိုင်