လျှပ်စစ်မီးမရရှိသေးသော နယ်စွန်နယ်ဖျားကျေးရွာများရှိ အခြေခံပညာကျောင်းများသို့ မီးစက်များ၊ ဆိုလာများ၊ ကွန်ပျူတာနှင့် Printer ထောက်ပံ့ပေးအပ်

မယ်စဲ့     အောက်တိုဘာ ၁၆

နယ်စပ်ရေးရာဝန်ကြီးဌာနမှ ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်အတွင်းရှိ လျှပ်စစ်မီး မရရှိသေးသော နယ်စွန်နယ်ဖျား ကျေးရွာများရှိ အခြေခံပညာကျောင်းများအတွက် ကွန်ပျူတာ၊ Printer နှင့် မီးစက်များ ထောက်ပံ့ခြင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်နယ်နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဆိုလာပစ္စည်းများ ထောက်ပံ့ ပေးအပ်ခြင်းကို ယမန်နေ့ ညနေ ၄ နာရီက မြို့နယ်ပညာရေးမှူးရုံး၌ ကျင်းပခဲ့သည်။
ထိုသို့ ထောက်ပံ့အပ်ရာတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၏ စီစဉ်ကြီးကြပ်မှုဖြင့် မြို့နှင့်အလှမ်းကွာဝေးပြီး နယ်စပ်အစွန်အဖျား ကျေးရွာများဖြစ်သည့် ဟိုဖ၊ တောင်လှ၊ ကြယ်တံခွန် ကျေးရွာများရှိ အခြေခံပညာကျောင်း (၃)ကျောင်းအတွက် ဝန်ကြီးဌာနမှ ထောက်ပံ့ ပေးသည့် ကွန်ပျူတာ၊ Printer နှင့် မီးစက်များကို လည်းကောင်း၊ လျှပ်စစ်မရရှိသေးသည့် ဟိုဖ၊ တောင်လှ၊ သာယာ၊ ကြယ်တံခွန် ကျေးရွာများရှိ အခြေခံပညာကျောင်း (၄)ကျောင်းအတွက် ပြည်နယ်အစိုးရမှ ထောက်ပံ့သည့် ဆိုလာနှင့်ဆက်စပ်ပစ္စည်း (၄)စုံကို လည်းကောင်း လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ညွှန်ကြားရေးမှူး ဦးအောင်ကျော်ထူး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်းတို့က ထောက်ပံ့ပေးအပ်ရာ သက်ဆိုင်ရာကျောင်းများမှ ဆရာ၊ဆရာမများက လက်ခံရယူခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)