အောင်မြေသာစံမြို့နယ်တွင် ဟိုတယ်၊ တည်းခိုခန်း၊ ဧည့်ရိပ်သာနှင့် အင်းများ ဖွင့်လှစ် ဆောင်ရွက်နေမှု ရှိ/မရှိ မြို့နယ်ကြီးကြပ်စစ်ဆေးရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေး

မန္တလေး အောက်တိုဘာ ၁၄

မန္တလေး၊ အောင်မြေသာစံမြို့နယ်တွင် ဌာနပေါင်းစုံပါဝင်သော မြို့နယ်ကြီးကြပ်စစ်ဆေးရေး အဖွဲ့မှ ယနေ့နံနက် ၉ နာရီခွဲအချိန်က  မြို့နယ်အတွင်းရှိ ဟိုတယ်၊ တည်းခိုခန်း၊ ဧည့်ရိပ်သာနှင့် အင်းများ ဖွင့်လှစ်ဆောင်ရွက်နေမှု ရှိ/မရှိကို  ကွင်းဆင်းစစ်ဆေးကြသည်။

မြို့နယ်ကြီးကြပ်စစ်ဆေးရေးအဖွဲ့သည် အောင်မြေသာစံမြို့နယ်အတွင်း ဖွင့်လှစ်ထားရှိသော ဟိုတယ်၊ တည်းခိုခန်း၊ ဧည့်ရိပ်သာနှင့် အင်းများအနက် စုစုပေါင်း (၂၂) ခုတို့အား စစ်ဆေးခဲ့ကြ ပြီး ကျန်ရှိနေသေးသည့်  ဟိုတယ်၊ တည်းခိုခန်း၊ ဧည့်ရိပ်သာနှင့်အင်းများကိုလည်း နောက်ရက် များတွင် ဆက်လက်ကွင်းဆင်း စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မန္တလေးတိုင်းဒေသကြီးအတွင်း Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးဆုံးဖြတ်ချက်အရ မန္တလေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်တားဆီးနိုင်ရေးအတွက် ဟိုတယ်၊ တည်းခိုခန်း၊ ဧည့်ရိပ်သာနှင့် အင်းများ အား ယာယီပိတ်သိမ်းထားရန် ဆုံးဖြတ်ထားမှုအပေါ် လိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိတို့ကို စစ်ဆေးဆောင်ရွက်ကြခြင်းဖြစ်သည်။

အဆိုပါ ဌာနပေါင်းစုံပါဝင်သော ကြီးကြပ်စစ်ဆေးရေးအဖွဲ့တွင် အောင်မြေသာစံမြို့နယ်မှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့မှ တာဝန်ရှိသူများ ပါဝင်သောပူးပေါင်းအဖွဲ့က စစ်ဆေးကြခြင်းဖြစ်ကြောင်း သိရသည်။

ဇော်လင်းဦး(အောင်စံ)